လေဆိပ်များတွင် နီပါးဗိုင်းရပ်စ် စစ်ဆေးမှု တင်းကျပ်ပြီး အိန္ဒိယသို့သွားမည့်သူများကို သတိပေး

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) သည် အသက်အန္တရာယ်စိုးရိမ်ရသည့် နီပါးဗိုင်းရပ်စ် ပြည်တွင်းသို့ ကူးစက်မလာစေရန် စူဝဏ္ဏဘူမိ (Suvarnabhumi)၊ ဒွန်မောင်း (Don Mueang) နှင့် ဖူးခက် (Phuket) လေဆိပ်များတွင် စောင့်ကြည့်စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ကြေညာခဲ့သည်။

လေဆိပ်များရှိ စစ်ဆေးရေး အစီအမံများအနေနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှ လာရောက်သည့် ခရီးသည်များကို အထူးအလေးထား စစ်ဆေးမည်။ကိုယ်ပူချိန်တိုင်းခြင်းနှင့် ဖျားနာသည့်လက္ခဏာ ရှိ၊ မရှိ အနီးကပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။ အကယ်၍ ကိုယ်ပူချိန်မြင့်မားခြင်း သို့မဟုတ် သံသယဖြစ်ဖွယ်လက္ခဏာတွေ့ရှိပါက သတ်မှတ်ထားသော သီးသန့်စောင့်ကြည့်ဆောင် (Quarantine) သို့ ချက်ချင်းပို့ဆောင်မည်။

အဆိုပါဒေသမှလာသူများကို ရောဂါလက္ခဏာများ ပါဝင်သည့် ကတ်များ ဝေငှပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး ၂၁ ရက်အတွင်း လက္ခဏာပြပါက ဆေးရုံသို့ ချက်ချင်းပြသရန် ညွှန်ကြားထားသည်။

နီပါးဗိုင်းရပ်စ် ကူးစက်ခံရပါက ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်ခြင်း သို့မဟုတ် အတက်ရောဂါ ဖြစ်ပွားခြင်းများ ခံစားရနိုင်သည်။

အိန္ဒိယသို့ သွားရောက်မည့်သူများအတွက် အကြံပြုချက်

ဘုရားဖူးသွားမည့်သူများနှင့် ခရီးသွားများအနေဖြင့် အောက်ပါတို့ကို လိုက်နာရန် တိုက်တွန်းထားသည် –

ရောဂါဖြစ်ပွားရာဒေသများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဗိုင်းရပ်စ်သယ်ဆောင်နိုင်သော တိရစ္ဆာန်များ (အထူးသဖြင့် လင်းနို့၊ ဝက်၊ မြင်း၊ ကြောင်၊ ဆိတ်နှင့် သိုး) တို့နှင့် ထိတွေ့ခြင်းမှ ရှောင်ပါ။

အသီးအနှံများကို မစားမီ သေချာစွာ ဆေးကြောပါ။ တိရစ္ဆာန်များနှင့် ထိတွေ့မိပါက လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးပါ။

အိန္ဒိယမှ ပြန်လာပြီးနောက် ဖျားခြင်း၊ အာရုံကြောဆိုင်ရာ လက္ခဏာများပြခြင်း ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားပါ။

Source; Bangkok Post