ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်သော ဝပ်ဒေါ့အန်း (Wat Dok Euang) ၏ အပြင်ဘက်တံတိုင်းတွင် နိုင်ငံခြားသားစုံတွဲတစ်ဦးက ဆေးဖြန်းခြစ်ရေးသွားသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက်၊ ကျောင်းထိုင်ဆရာတော်က ရဲစခန်း၌ တိုင်ချက်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ဖြစ်စဉ်အသေးစိတ်:
- အချိန် – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်၊ နံနက် ၁ နာရီခန့်။
- နေရာ – ချင်းမိုင်မြို့၊ သီဖွန် (Sri Phum) အရပ်ရှိ ဝပ်ဒေါ့အန်း ဘုရားကျောင်း။
- သက်သေ – CCTV မှတ်တမ်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (နိုင်ငံခြားသားဟု ယူဆရသူများ) က ဘုရားကျောင်းတံတိုင်းကို ဆေးဖြန်းနေသည်ကို တွေ့ရှိရသည်။

ဘုရားကျောင်းမှ ရဟန်းတစ်ပါးဖြစ်သော ဖရာ အဖိဖူ (Phra Apiphu) ၏ မိန့်ကြားချက်အရ ပြီးခဲ့သည့် လများအတွင်း ဘုရားကျောင်းတံတိုင်းသည် အကြိမ်ကြိမ် ဆေးဖြန်းဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဘုရားကျောင်းအနေဖြင့် တံတိုင်းကို ပြန်လည်ဆေးသုတ်ရန် ဘတ်သောင်းနှင့်ချီ၍ အကုန်အကျခံခဲ့ရသော်လည်း၊ ဆေးသုတ်ပြီး မကြာမီမှာပင် အသစ်ထပ်မံ ခြစ်ရေးခြင်း ခံနေရသည်။ “ဒီလိုလုပ်ရပ်မျိုး နောက်ထပ်မဖြစ်အောင်နဲ့ နမူနာဖြစ်အောင် တရားခံတွေကို ဖမ်းဆီးအရေးယူပေးစေချင်ပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
ချင်းမိုင်မြို့တွင်းတွင် ရာစုနှစ်နှင့်ချီ၍ သက်တမ်းရင့်သော ရှေးဟောင်းဘုရားကျောင်း ၃၈ ကျောင်းရှိပြီး အားလုံးနီးပါးမှာ ယခုကဲ့သို့ ဆေးဖြန်းဖျက်ဆီးမှုများနှင့် ရင်ဆိုင်နေရသည်။ချင်းမိုင်မြို့ကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage Site) သွင်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အကျည်းတန်သော လုပ်ရပ်များက မြို့၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။ချင်းမိုင်ရဲတပ်ဖွဲ့မှူးက မြို့အနှံ့ ကင်းလှည့်မှုများ တိုးမြှင့်ရန်နှင့် တရားခံများကို အမြန်ဆုံးဖမ်းဆီးရန် အမိန့်ပေးထားသည်။
Source;Bangkok Post
