တစ်ချိန်က “ဒီဂျစ်တယ်ရွှေ” (Digital Gold) ဟု တင်စားခဲ့ကြသော ဘစ်ကွိုင်သည် ကြာသပတေးနေ့ညပိုင်းတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့နည်းလာခြင်းကြောင့် ဈေးနှုန်းများ အကြီးအကျယ် ကျဆင်းခဲ့သည်။ ခရစ်ပတိုဈေးကွက် တစ်ခုလုံးတွင် ရောင်းထုတ်မှုများ (Sell-off) ပြင်းထန်ခဲ့ပြီး ဘစ်ကွိုင်သည် ဒေါ်လာ ၆၀,၀၆၂ အထိ အနိမ့်ဆုံး ရောက်ရှိသွားခဲ့သည်။
ယခုအပတ်အတွင်းမှာတင် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလက စံချိန်တင်ခဲ့သော အမြင့်ဆုံးဈေး ဒေါ်လာ ၁၂၆,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော် ပြန်ကျသွားခြင်းဖြစ်သည်။Ether (အီသီရီယမ်) သည် ယခုအပတ်တွင် ၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ Solana (ဆိုလာနာ) မှာလည်း ၂ နှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ဒေါ်လာ ၈၈ ဝန်းကျင်သို့ ရောက်ရှိသွားသည်။လွန်ခဲ့သည့် တစ်နှစ်အတွင်း ရွှေဈေးသည် ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း၊ ဘစ်ကွိုင်မှာမူ ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းခဲ့သည်။
အဘယ်ကြောင့် ဈေးကျရသနည်း?
၁။ ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက်လာခြင်း: Deutsche Bank မှ လေ့လာသူများက ရင်းနှီးမြှုပ်နှံသူများသည် ခရစ်ပတိုအပေါ် စိတ်ဝင်စားမှု လျော့နည်းလာပြီး အပျက်မြင်မှုများ (Pessimism) တိုးလာနေကြောင်း ဆိုသည်။
၂။ အဖွဲ့အစည်းကြီးများ ရောင်းထုတ်ခြင်း: CryptoQuant ၏ အစီရင်ခံစာအရ ယခင်က ဘစ်ကွိုင်ကို အမြောက်အမြား ဝယ်ယူခဲ့ကြသော အဖွဲ့အစည်းကြီးများ (Institutions) သည် ၂၀၂၆ ခုနှစ်အတွင်း ဝယ်ယူမှုထက် ပြန်လည်ရောင်းချမှု (Net Sellers) ပိုမိုများပြားလာသည်။
၃။ နည်းပညာပိုင်းဆိုင်ရာ ကျဆင်းမှု: ဘစ်ကွိုင်ဈေးနှုန်းသည် ၃၆၅ ရက် ပျမ်းမျှဈေးတန်း (Moving Average) အောက်သို့ ကျဆင်းသွားခြင်းက ပိုမိုကျဆင်းနိုင်သည့် အလားအလာကို ပြသနေသည်။
၄။ အစုရှယ်ယာဈေးကွက် ဂယက်: အမေရိကန် နည်းပညာရှယ်ယာများ (Tech Stocks) ဈေးကျခြင်းနှင့်အတူ ဘစ်ကွိုင်သည်လည်း လိုက်ပါကျဆင်းခဲ့ခြင်း ဖြစ်သည်။
FG Nexus ၏ CEO ဖြစ်သူ Maja Vujinovic က ဘစ်ကွိုင်သည် ယခင်ကလို ဝါဒဖြန့်မှု (Hype) များပေါ်တွင် အခြေမခံတော့ဘဲ လက်တွေ့ငွေကြေး စီးဆင်းမှု (Liquidity) အပေါ်တွင်သာ မူတည်ပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေါ်လာ ၆၀,၀၀၀ မှ ၇၀,၀၀၀ ကြား ဈေးတန်းကို အဓိက စောင့်ကြည့်သင့်ကြောင်း သတိပေးထားသည်။
Source;CNBC
