Bithumb အိတ်ချိန်းမှားယွင်းမှုကြောင့် ဒေါ်လာ ၄၄ ဘီလီယံတန် ဘစ်ကွိုင်များ အသုံးပြုသူများဆီ ရောက်ရှိ

တောင်ကိုရီးယား ခရစ်ပတိုအိတ်ချိန်း Bithumb သည် သောကြာနေ့ (ဖေဖော်ဝါရီ ၆ ရက်) က ပရိုမိုးရှင်းအစီအစဉ်တစ်ခု ပြုလုပ်ရာတွင် ငွေကြေးယူနစ်မှားယွင်းပြီး အသုံးပြုသူအချို့ထံသို့ ဘစ်ကွိုင်အမြောက်အမြား မှားယွင်းပေးပို့ခဲ့ကြောင်း စနေနေ့တွင် တောင်းပန်စကားဆိုခဲ့သည်။

အသုံးပြုသူတစ်ဦးလျှင် ကိုရီးယားဝမ် ၂,၀၀၀ (ဒေါ်လာ ၁.၄၀ ခန့်) စီသာ ဆုကြေးပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။စာရင်းသွင်းရာတွင် ဝမ်အစား ဘစ်ကွိုင် (BTC) ယူနစ်ကို မှားယွင်းရိုက်မိခဲ့သဖြင့် ကံထူးသူ ၆၉၅ ဦးသည် တစ်ဦးလျှင် အနည်းဆုံး ဘစ်ကွိုင် ၂,၀၀၀ စီ (လက်ရှိပေါက်ဈေးအရ တစ်ဦးလျှင် ဒေါ်လာ ၁၄၀ သန်းခန့်) ရရှိသွားခဲ့သည်။ ဘစ်ကွိုင် ၆၂၀,၀၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၄၄ ဘီလီယံ) အသုံးပြုသူများ၏ အကောင့်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

အမှားအယွင်းဖြစ်ပြီး ၃၅ မိနစ် အတွင်းမှာပင် Bithumb သည် သက်ဆိုင်ရာ အကောင့်များကို ပိတ်ပင်ကာ ငွေထုတ်ယူမှုများကို ကန့်သတ်နိုင်ခဲ့သည်။မှားယွင်းပေးပို့ခဲ့သည့် ဘစ်ကွိုင်များ၏ ၉၉.၇% ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။ဘစ်ကွိုင်အမြောက်အမြား ရုတ်တရက်ရရှိသွားသူအချို့က ချက်ချင်းပြန်ရောင်းခဲ့ကြသဖြင့် Bithumb အိတ်ချိန်းအတွင်း၌ ဘစ်ကွိုင်ဈေးနှုန်းမှာ ခေတ္တခဏအတွင်း ၁၇ ရာခိုင်နှုန်းခန့် ထိုးကျသွားခဲ့သည်။

Bithumb အာဏာပိုင်များက ဤဖြစ်ရပ်သည် အပြင်ပန်းမှ ဟက်ကာများ တိုက်ခိုက်ခြင်း (Hacking) သို့မဟုတ် စနစ်၏ လုံခြုံရေးအားနည်းချက်ကြောင့် မဟုတ်ဘဲ ဝန်ထမ်းများ၏ စာရင်းသွင်းအမှား (Internal Accounting Error) သာဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် စနစ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး သုံးစွဲသူများ၏ ပိုင်ဆိုင်မှုများလည်း လုံခြုံစိတ်ချရကြောင်း ထုတ်ပြန်ထားသည်။

ဆုကြေး ဝမ် ၂,၀၀၀ ရမယ့်အစား ဘစ်ကွိုင် ၂,၀၀၀ (ဒေါ်လာ သန်း ၁၄၀ ကျော်) အကောင့်ထဲ ရုတ်တရက် ရောက်လာတာကို မြင်လိုက်ရတဲ့သူတွေအတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ။ ဒါပေမဲ့ ၃၅ မိနစ်အတွင်းမှာပဲ အဲဒီအိပ်မက်က ပျက်ပြယ်သွားခဲ့ရတာပါ။ ခရစ်ပတိုလောကမှာ ဒီလောက်ကြီးမားတဲ့ ပမာဏကို မှားယွင်းပေးပို့မိတာဟာ ၂၀၂၆ ခုနှစ်ရဲ့ အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။

Source; Bangkok Post