အင်ဒိုနီးရှားတွင် ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင် ဆူနာမီ သတိပေးချက် ထုတ်ပြန်

ယနေ့မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ မိုလုကာပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး 7.4 အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ဒီငလျင်ဟာ ရေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ပြီး နာရီဝက်မပြည့်ခင်မှာပဲ အင်ဒိုနီးရှားကမ်းရိုးတန်းတစ်လျှောက်မှာ အမြင့် ၁ ပေဝန်းကျင်ရှိတဲ့ ဆူနာမီလှိုင်းငယ်တွေ ရိုက်ခတ်ခဲ့တာကို တိုင်းတာရရှိခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် မြောက်ဆူလာဝေစီပြည်နယ်မှာ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူနေအိမ်နဲ့ ဘုရားကျောင်းအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

လက်ရှိမှာ ငလျင်နောက်ဆက်တွဲတုန်ခါမှုတွေ ဆက်ရှိနေနိုင်တာကြောင့် ကမ်းခြေအနီးမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာပဲ ဆက်လက်နေထိုင်ကြဖို့နဲ့ အာဏာပိုင်တွေရဲ့ ထပ်မံထုတ်ပြန်ချက်မရမချင်း ကမ်းစပ်ကို မသွားကြဖို့ အထူးသတိပေးထားပါတယ်။ ကျွန်ုပ်တို့ သတင်းဌာနအနေနဲ့လည်း နောက်ဆုံးရသတင်းအခြေအနေတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

Source; Thai PBS