မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ မိန့်ခွန်းမှာ သမ္မတထရန့်က သူတည်ဆောက်ထားတဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကို တစ်ခါတစ်ရံမှာ အသုံးပြုဖို့ လိုအပ်လာတတ်ကြောင်းနဲ့ ကျူးဘားဟာ နောက်ထပ်ဖြစ်လာတော့မှာပါလို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် ဒီလိုအင်အားကြီးတဲ့ စစ်တပ်ကို တည်ဆောက်ခဲ့တာ ဘယ်တော့မှ သုံးစရာမလိုအောင်လို့ပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ သုံးရတာမျိုး ရှိတတ်ပါတယ်။ စကားမစပ် ကျူးဘားက နောက်ထပ်ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော် ဒါကို မပြောခဲ့သလိုပဲ ဟန်ဆောင်နေလိုက်ကြပါဦး” လို့ ထရန့်က အရွှန်းဖောက်သလိုနဲ့ သတိပေးခဲ့တာပါ။ အခုနှစ်အစောပိုင်းမှာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို၊ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲဟာလည်း ၅ ပတ်မြောက်ထဲကို ရောက်ရှိလာပြီး အသေအပျောက်တွေနဲ့ စွမ်းအင်ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။
ဗင်နီဇွဲလားကနေ တင်သွင်းနေတဲ့ ရေနံတွေ ပြတ်တောက်သွားတာကြောင့် ကျူးဘားမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ စွမ်းအင်အကျပ်အတည်းတွေ အကြီးအကျယ် ကြုံတွေ့နေရပါတယ်။ အခြေအနေတွေ ဆိုးရွားလွန်းတာကြောင့် ကျူးဘားဟာ ဗာတီကန် (Vatican) ဆီကိုတောင် အကူအညီတောင်းခံထားရတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်ပိုင်းအကြားမှာ တိုက်ရိုက်ထိပ်တိုက်တွေ့မှုကို ရှောင်ရှားဖို့အတွက် ဆွေးနွေးမှုအချို့ ရှိနေတယ်လို့ ကျူးဘားသမ္မတ Miguel Díaz-Canel က ဝန်ခံထားပါတယ်။
အမေရိကန်ဘက်က ကျူးဘားအပေါ် တရားဝင် စစ်ဆင်ရေးသစ်တစ်ခုကို မကြေညာသေးပေမဲ့ သမ္မတထရန့်ရဲ့ အခုလို ပြောဆိုချက်ကြောင့် ကျူးဘားရဲ့ အနာဂတ်ဟာ ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပါတယ်။
Source;The Nation
