ချင်းမိုင်သင်္ကြန် – ဆီဈေးနှင့် မီးခိုးမြူကြောင့် ခရီးသွားအဝင် ထက်ဝက်ခန့် လျော့ကျ

ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် သတင်းတွေအရ ချင်းမိုင်ခရိုင်အတွင်းမှာ သင်္ကြန်ပွဲတော်အတွက် အကြီးအကျယ် ပြင်ဆင်နေပေမဲ့ ခရီးသွားတွေဘက်ကတော့ လာရောက်ဖို့ ဝန်လေးနေကြတာကို တွေ့ရပါတယ်။

အရင်နှစ်တွေက သင်္ကြန်ကာလမှာ ဟိုတယ်ဘွတ်ကင် ၈၀-၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့၊ ဒီနှစ်မှာတော့ ၅၀-၆၀ ရာခိုင်နှုန်း သာ ရှိပါတော့တယ်။ အထူးသဖြင့် ကိုယ်ပိုင်ကားနဲ့ လာလေ့ရှိတဲ့ ထိုင်းခရီးသွားတွေဟာ ၂-၅ ရာခိုင်နှုန်းလောက်ပဲ ဘွတ်ကင်တင်ထားကြပါတယ်။ အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် ဆီဈေးတက်ရုံတင်မကဘဲ ဆီပြတ်လပ်မှု တွေပါ ရှိနေတာကြောင့် ခရီးသွားတွေက လမ်းခုလတ်မှာ ဆီမရမှာကို စိုးရိမ်ပြီး ခရီးစဉ်တွေကို ဖျက်သိမ်းနေကြတာ ဖြစ်ပါတယ်။

ချင်းမိုင်ရဲ့ လေထုညစ်ညမ်းမှုကလည်း ခရီးသွားတွေကို တွန်းထုတ်နေတဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ သင်္ကြန်တွင်းမှာ ရွာလေ့ရှိတဲ့ မိုးကြောင့် မီးခိုးမြူတွေ စင်ကြယ်သွားဖို့ မျှော်လင့်နေကြပါတယ်။ အခက်အခဲတွေ ရှိနေပေမဲ့ ချင်းမိုင်စည်ပင်ကတော့ သာဖေးဂိတ် (Tha Phae Gate) မှာ ရေဥမင်လှိုင်ဂူကြီးတွေနဲ့ စင်မြင့်တွေ ဆောက်လုပ်နေသလို၊ ဧပြီလ ၁၃ ရက်နေ့မှာလည်း ဝပ်ဖရာဆင်း (Wat Phra Singh) ဘုရားလှည့်လည်ပွဲအပါအဝင် ရိုးရာယဉ်ကျေးမှု ပွဲတော်တွေကို စည်စကားစွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ချင်းမိုင်ခရီးသွားလုပ်ငန်းကောင်စီက အစိုးရအနေနဲ့ စက်သုံးဆီ ဖူဖုံအောင် အရေးပေါ် ဆောင်ရွက်ပေးဖို့နဲ့၊ မီးခိုးမြူတွေ လျော့ပါးသွားအောင် မိုးတုရွာသွန်းပေးဖို့ တိုက်တွန်းထားပါတယ်။

Source;Thairath English