အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲရိုက်ခတ်မှုကြောင့် ကမ္ဘာ့လေယာဉ်ဆီဈေးနှုန်းတွေ ထိုးတက်လာတဲ့အတွက် မလေးရှားအခြေစိုက် တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်တဲ့ AirAsia X ဟာ လေယာဉ်လက်မှတ်ခတွေကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ရသလို လောင်စာဆီအပိုကြေးကိုလည်း ၂၀ ရာခိုင်နှုန်းလောက် ထပ်တိုးလိုက်ရပါတယ်။
လေယာဉ်ဆီတစ်စည်ကို အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်ကနေ ဒေါ်လာ ၂၀၀ အထိ နှစ်ဆကျော် မြင့်တက်သွားတာဟာ တန်ဖိုးနည်းဝန်ဆောင်မှုပေးနေတဲ့ AirAsia X အတွက် စိန်ခေါ်မှုအကြီးကြီး ဖြစ်လာတယ်လို့ အမှုဆောင်အရာရှိချုပ် Bo Lingam က ဧပြီလ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေမှာပါ လေယာဉ်ဆီပြတ်လပ်နိုင်တဲ့ အန္တရာယ်ရှိနေလို့ လက်ရှိမှာ ခရီးစဉ် ၁၀ ရာခိုင်နှုန်းလောက်ကို လျှော့ချထားပြီး အကျိုးအမြတ်မရှိတဲ့ လမ်းကြောင်းအချို့ကိုလည်း ရပ်ဆိုင်းလိုက်ရပါတယ်။
လေကြောင်းလိုင်း ပူးတွဲတည်ထောင်သူ Tony Fernandes ကတော့ အရင်ကလည်း ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ဖူးလို့ အခုလို ပထဝီနိုင်ငံရေးရိုက်ခတ်မှုတွေကို အတွေ့အကြုံနဲ့ ကျော်လွှားသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လောင်စာဆီဈေးနှုန်း အတက်အကျဒဏ်ကို ကာကွယ်ဖို့ ကြိုတင်ဝယ်ယူထားတာမျိုး (Fuel Hedging) မရှိတဲ့အတွက် လေကြောင်းလိုင်းဟာ စျေးကွက်ဒဏ်ကို တိုက်ရိုက်ခံနေရပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်ကလည်း လာမယ့် ဇွန်လကစပြီး နိုင်ငံအတွင်း ရေနံရရှိနိုင်မှု အခြေအနေ မရေမရာဖြစ်လာနိုင်တယ်လို့ သတိပေးထားလို့ စွမ်းအင်အကျပ်အတည်းက ပိုပြီးစိုးရိမ်စရာ ဖြစ်လာတာပါ။
ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ ခရီးသွားလာမှု လိုအပ်ချက်ကတော့ ဆက်ပြီးတက်နေဆဲ ဖြစ်ပါတယ်။ AirAsia X အနေနဲ့ ဗဟိုအာရှနဲ့ အစ္စတန်ဘူလ် ခရီးစဉ်တွေကို တိုးချဲ့ဖို့ စီစဉ်နေသလို၊ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကွာလာလမ်ပူ-ဘာရိန်း-လန်ဒန် ခရီးစဉ်သစ်ကိုလည်း အခြေအနေပေးရင် စတင်ပြေးဆွဲဖို့ မျှော်မှန်းထားပါတယ်။ လက်ရှိမှာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ အနည်းငယ် ပြန်တက်လာပေမဲ့ စစ်ပွဲစတင်ကတည်းက ရှယ်ယာတန်ဖိုး စုစုပေါင်း ၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့လို့ Bloomberg ရဲ့ လေကြောင်းအညွှန်းကိန်းမှာ စွမ်းဆောင်ရည် အညံ့ဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်နေပါတယ်
Source; Nation Thailand
