Nakhon Ratchasimaခရိုင်၊ Chok Chaiမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်ခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာရှိ ဆေးလိပ်တိုများမှတစ်ဆင့် ရဲတပ်ဖွဲ့က ခြေရာခံကာ ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည်။
ဧပြီလ (၂၇) ရက် နံနက်ပိုင်းက မျက်နှာဖုံးစွပ်ထားသည့် သံသယရှိသူနှစ်ဦးသည် သေနတ်နှင့် တူတို့ကို အသုံးပြုကာ ရွှေဆိုင်အတွင်းရှိ ဘတ် (၃၈၀,၀၀၀) ခန့် တန်ဖိုးရှိ ရွှေလက်စွပ် (၃၀) နီးပါးကို လုယက်၍ အဖြူရောင် Toyota Sedan ကားဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာအနီး၌ တရုတ်တံဆိပ် ဆေးလိပ်တိုများကို တွေ့ရှိခဲ့ရာမှတစ်ဆင့် တရားခံများမှာ နိုင်ငံခြားသားများဖြစ်နိုင်ကြောင်း ယူဆကာ စုံစမ်းစစ်ဆေးခဲ့သည်။ ထို့နောက် CCTV မှတစ်ဆင့် ကားနံပါတ်ကို စစ်ဆေးရာ အဆိုပါကားမှာ ဘန်ကောက်ရှိ ကားငှားရမ်းသည့်ဆိုင်မှဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ဆိုင်ရှင်နှင့် ပူးပေါင်းကာ တရားခံများ ကားပြန်အပ်မည့်အချိန်တွင် အမိအရ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဖမ်းခံရသူများမှာ အသက် (၂၇) နှစ်အရွယ် Zou Qintao နှင့် အသက် (၁၈) နှစ်အရွယ် Song Haolong တို့ဖြစ်ပြီး ၎င်းတို့ထံမှ ခိုးယူသွားသည့် ရွှေလက်စွပ်အားလုံးကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့သည် Guangdong ပြည်နယ်မှ ခရီးသွားအဖြစ် လာရောက်ခြင်းဖြစ်ပြီး ငွေကြေးပြတ်လပ်သွားသဖြင့် ခရီးစရိတ်အတွက် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးအား ဥပဒေအရ အရေးယူနိုင်ရန် Chok Chai ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။
Source; The Thaiger
