လေ့လာမှုအရ လုပ်ခလစာများ တိုးမြှင့်ပေးခဲ့သော်လည်း အစားအသောက်၊ သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်စရိတ်များက ပိုမိုမြန်ဆန်စွာ တက်နေသဖြင့် အလုပ်သမားများမှာ “ရှင်သန်ရုံသာရှိပြီး ရှေ့ဆက်ရန်ခက်ခဲနေသည့် (Struggling to move forward)” အခြေအနေနှင့် ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အမည်ခံလုပ်ခလစာ (Nominal Wage) မှာ ၁.၇% သာ တိုးခဲ့သော်လည်း၊ ကုန်ဈေးနှုန်းများကို နှုတ်လိုက်ပါက အမှန်တကယ်ဝင်ငွေ (Real Income) တိုးတက်မှုမှာ ၁% အောက် တွင်သာ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်က သတ်မှတ်ခဲ့သော တစ်နေ့ ၃၀၀ ဘတ်နှုန်းသည် နှစ်အနည်းငယ်အတွင်း ကုန်ဈေးနှုန်းဒဏ်ကြောင့် တန်ဖိုးလျော့ပါးသွားခဲ့ပါတယ်။ လက်ရှိ တိုးမြှင့်မှုများသည်လည်း မြင့်တက်လာသော ကုန်ကျစရိတ်များကို လိုက်မှီရုံသာဖြစ်ပြီး ငွေစုမိရန် သို့မဟုတ် ဘဝအဆင့်အတန်းမြှင့်တင်ရန် မလုံလောက်ပါ။

ကိုဗစ်ကာလအတွင်း ကုန်ဈေးနှုန်းများ ရုတ်တရက်တက်လာချိန်တွင် လုပ်ခလစာတိုးမှုမှာ လိုက်မမှီခဲ့သဖြင့် အလုပ်သမားအများစု ကြွေးမြီးပိုမိုတင်ရှိလာခဲ့ပြီး ငွေကြေးဆိုင်ရာ မလုံခြုံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အလုပ်သမားများသည် ဝင်ငွေတိုးမှုနှေးခြင်း၊ ကုန်ကျစရိတ်တက်ခြင်းနှင့် ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းနည်းပါးခြင်းဟူသော အချက် ၃ ချက်ကို တစ်ပြိုင်နက် ရင်ဆိုင်နေရပါတယ်။
အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့်ရာတွင် ကိန်းဂဏန်းတိုးရုံသာမက လက်တွေ့နေထိုင်စရိတ်နှင့် ဒေသအလိုက်ကွာခြားမှုများကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ထို့အပြင် အလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း Bnomics က အကြံပြုထားပါတယ်။
Source; The Nation
