ဖိလစ်ပိုင် မာယွန်မီးတောင်မှ ပြာမှုန်များကြောင့် မိသားစု ၃၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

ယခုဖြစ်စဉ်သည် ပေါက်ကွဲထွက်ခြင်းမဟုတ်ဘဲ စနေနေ့ နေဝင်ရိုးရီအချိန်တွင် မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းရှိ ချော်ရည်ခဲကြီးများ ရုတ်တရက် ပြိုကျရာမှတစ်ဆင့် ပူပြင်းသော ကျောက်ခဲ၊ ပြာမှုန်နှင့် ဓာတ်ငွေ့များ (Pyroclastic flow) ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ကာမာလစ် (Camalig) မြို့တွင် ပြာမှုန်များ အလွန်အမင်း ထူထပ်သဖြင့် အမျိုးသားအဆင့် လမ်းမကြီးများပေါ်တွင်ပင် မြင်ကွင်းလုံးဝ ပျောက်ကွယ်သွားသည်အထိ ဖြစ်ခဲ့ပြီး ခရီးသွားလာမှုများကို နှောင့်နှေးစေခဲ့ပါတယ်။ လူအသေအပျောက်မရှိသော်လည်း ကျေးရွာပေါင်း ၈၇ ရွာခန့်တွင် ပြာမှုန်များ ဖုံးလွှမ်းခဲ့ပါတယ်။ ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးခဲ့ရသလို၊ ရေကျွဲ ၄ ကောင်နှင့် နွား ၁ ကောင်လည်း သေဆုံးခဲ့ပါတယ်။

လက်ရှိတွင် အခြေအနေမှာ ပြန်လည်တည်ငြိမ်နေပြီဖြစ်သော်လည်း အန္တရာယ်ကတော့ အမြဲရှိနေဆဲဖြစ်ကြောင်း မီးတောင်နှင့် ငလျင်ဗေဒဌာနက ဆိုပါတယ်။မာယွန်မီးတောင်ကို လက်ရှိတွင် သတိပေးချက်အဆင့် Level 3 အဖြစ် သတ်မှတ်ထားပါတယ်။ (အဆင့် ၅ သည် အသက်အန္တရာယ်ရှိသော ပေါက်ကွဲမှုဖြစ်ပွားနေသည့် အခြေအနေဖြစ်သည်)။

မာယွန်မီးတောင်သည် ၎င်း၏ ပြည့်စုံသော ကုန်းပုံစံ (Near-perfect cone shape) ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ၎င်းသည် ဖိလစ်ပိုင်ရှိ မီးတောင် ၂၄ လုံးအနက် အတက်ကြွဆုံး မီးတောင်လည်း ဖြစ်ပါတယ်။

Source;Khaosod English