MV Hondius အပျော်စီးသင်္ဘော လူအားလုံးရွှေ့ပြောင်းပြီးပြီ – ဗိုင်းရပ်စ်စောင့်ကြည့်မှု ဆက်လက်လုပ်ဆောင်နေ

အဆိုပါသင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတကာအစိုးရများ ပူးပေါင်းကာ ခရီးသည်များကို ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးကျန်ရှိနေသည့် ခရီးသည် ၆ ဦးနှင့် သင်္ဘောသားအချို့ကို မေလ ၁၁ ရက်တွင် တီနီရိဖ်ကျွန်းမှတစ်ဆင့် နယ်သာလန်နိုင်ငံသို့ ပို့ဆောင်ကာ သီးသန့်ခွဲခြားစောင့်ကြည့် (Quarantine) ထားရှိလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အတည်ပြုလူနာ ၇ ဦးနှင့် သံသယလူနာ ၂ ဦး တွေ့ရှိထားပါတယ်။ သေဆုံးသူ ၃ ဦး (နယ်သာလန် ၂ ဦးနှင့် ဂျာမနီ ၁ ဦး) ရှိပြီး ၎င်းတို့အနက် ၂ ဦးမှာ ဟန်တာဗိုင်းရပ်စ်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း အတည်ပြုထားပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဤဗိုင်းရပ်စ်သည် ပျိုးရက် ၆ ပတ်အထိ ကြာမြင့်နိုင်သောကြောင့် မေလ ၁၀ ရက်မှစတင်ကာ ၄၂ ရက်တိုင်တိုင် Quarantine ဝင်ရန် အကြံပြုထားပါတယ်။ သို့သော် နိုင်ငံအလိုက် သတ်မှတ်ချက်များမှာ မတူညီကြဘဲ အချို့က ဆေးရုံတွင်လည်းကောင်း၊ အချို့က နေအိမ်တွင်လည်းကောင်း စောင့်ကြည့်နေကြပါတယ်။MV Hondius သင်္ဘောသည် ကျန်ရှိနေသည့် သင်္ဘောသား ၂၆ ဦးနှင့်အတူ ပိုးသတ်သန့်စင်မှုများ ပြုလုပ်ရန် နယ်သာလန်နိုင်ငံသို့ ဦးတည်မောင်းနှင်နေပြီ ဖြစ်ပါတယ်။

ကူးစက်ပုံမှာာ အဓိကအားဖြင့် ကြွက်များ၏ မစင်၊ ဆီးနှင့် တံတွေးတို့မှတစ်ဆင့် ကူးစက်တတ်ပါတယ်။ လူအချင်းချင်း ကူးစက်မှုမှာ အလွန်ရှားပါးသော်လည်း ယခုသင်္ဘောပေါ်တွင် တွေ့ရှိရသည့် Andes strain အမျိုးအစားသည် နီးကပ်စွာ ထိတွေ့သူများအကြား ကူးစက်နိုင်ခြေ ရှိပါတယ်။ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်ပွားစေပြီး အချို့ဖြစ်ရပ်များတွင် သေဆုံးနိုင်ခြေ ၅၀% အထိ ရှိနိုင်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူများက ဤဗိုင်းရပ်စ်သည် COVID-19 ကဲ့သို့ လျင်မြန်စွာ ကူးစက်ခြင်းမရှိသည့်အတွက် အများပြည်သူအနေဖြင့် ထိတ်လန့်စရာမလိုဘဲ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း ပြောကြားထားပါတယ်။

Source;Khaosod