သုဝဏ္ဏဘူမိလေဆိပ်တွင် တရုတ်ခရီးသွားတစ်ဦး ဆူပူသောင်းကျန်း – ဘတ် ၄ သိန်းကျော်ဖိုး ပျက်စီး

ဖြစ်စဉ်မှာ မေလ ၁၃ ရက် နေ့လယ် ၂ နာရီ ၃၅ မိနစ်ခန့်တွင် လေဆိပ်၏ ပြည်ပထွက်ခွာမည့် လူဝင်မှုကြီးကြပ်ရေး ဇုန် (၂) အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၃၀ ကျော်ခန့်ရှိသူ Mr. Zheng အမည်ရှိ တရုတ်အမျိုးသားသည် အလိုအလျောက် နိုင်ငံကူးလက်မှတ်စစ်ဆေးသည့်စက် (Immigration Auto Gate) ၂ ခု (နံပါတ် DAE01 နှင့် DAE06) ကို ရိုက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ထို့နောက် ၎င်းသည် အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်သွားခဲ့ပြီး တာဝန်ကျရဲဝန်ထမ်းများကို တရုတ်ဘာသာဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ပါတယ်။ ၎င်း၏ဆဲဆိုမှုများထဲတွင် ထိုင်းဘာသာဖြင့် “မင်းအမေ သေသွားပြီ” ဟု အဓိပ္ပာယ်ရသည့် စကားလုံးနှင့် အခြားသော ရိုင်းစိုင်းသည့် အသုံးအနှုန်းများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ 

၎င်းသည် တာဝန်ထမ်းဆောင်နေသည့် ရဲများကိုပါ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ဇနီးဖြစ်သူက အချိန်မီ ပြန်လည်ဆွဲခေါ်သွားနိုင်ခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ပါ။ ကနဦး စစ်ဆေးချက်များအရ ပျက်စီးသွားသည့် စက်ပစ္စည်းများ၏ တန်ဖိုးမှာ ၄၈၁,၅၀၀ ဘတ် ခန့် (VAT အခွန်မပါဝင်ဘဲ) ရှိကြောင်း သိရပါတယ်။

သုဝဏ္ဏဘူမိလေဆိပ် ရဲစခန်းသည် အဆိုပါ တရုတ်အမျိုးသားကို အောက်ပါပုဒ်မများဖြင့် အမှုဖွင့်ထားပါတယ် –

▪️အစိုးရပိုင် ပစ္စည်းများကို ဖျက်ဆီးမှု။

▪️တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဆဲဆိုစော်ကားမှု။

ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းထားပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူနိုင်ရန် ဆောင်ရွက်နေပါတယ်။

Source;The Nation