သီရိလင်္ကာရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ်ဆန်းပိုင်းမှစ၍ လက်ရှိအချိန်အထိ ဆိုင်ဘာရာဇဝတ်မှုများနှင့် ဆက်နွှယ်သည့် နိုင်ငံခြားသား ၁,၀၀၀ ကျော် ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယင်းပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံး ဖမ်းဆီးရမိမှု (၄၃၀ ဦး) ထက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူအများစုမှာ တရုတ်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသားများ ဖြစ်ကြပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းကပင် ကမ်းရိုးတန်းဒေသများဖြစ်သည့် Galle နှင့် Matara တို့တွင် တစ်ညတည်းအတွင်း ဝင်ရောက်စီးနင်းမှု ၅ ကြိမ် ပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံသား ၁၉၂ ဦးနှင့် နီပေါနိုင်ငံသား ၂၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ယခု Scam ဂိုဏ်းများသည် သီရိလင်္ကာနိုင်ငံ၏ ရက် ၃၀ တိုးရစ်ဗီဇာ (Tourist Visa) လွယ်ကူမှုကို အခွင့်ကောင်းယူကာ နိုင်ငံအတွင်း ဝင်ရောက်လာပြီး၊ ဇိမ်ခံဗီလာများနှင့် ရုံးအဆောက်အအုံကြီးများကို အကြီးအကျယ် ငှားရမ်းကာ လုပ်ငန်းလည်ပတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အစပိုင်းတွင် တရုတ်ဘာသာစကားသုံးစွဲသူများကိုသာ ပစ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ဘာသာစကားမျိုးစုံဖြင့် အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများကိုပါ Love Scam (အချစ်မက်လုံးပြ ငွေလိမ်ခြင်း)၊ Crypto အတုရင်းနှီးမြှုပ်နှံမှုများနှင့် လောင်းကစားပလတ်ဖောင်းများ သုံး၍ လိမ်လည်နေကြပါတယ်။
သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးဌာနအား ဆိုင်ဘာတိုက်ခိုက်မှု (Cyberattack) ပြုလုပ်ကာ အမေရိကန်ဒေါ်လာ ၂.၅ သန်း ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်နောက်ကွယ်တွင်လည်း ယခုနိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်ခြင်း ရှိမရှိ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပါတယ်။
ကိုလံဘိုမြို့ရှိ တရုတ်သံရုံးက မြန်မာ၊ ကမ္ဘောဒီးယားနှင့် ယူအီးအီး (UAE) နိုင်ငံတို့တွင် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သီရိလင်္ကာသို့ ရာဇဝတ်ဂိုဏ်းများ ရွှေ့ပြောင်းသွားသည့် အခြေအနေကို အသိအမှတ်ပြုထားပြီး၊ ယင်းဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် သီရိလင်္ကာအာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားပါတယ်။
ကုလသမဂ္ဂ (UN) ၏ ယခုနှစ် အစီရင်ခံစာအရ အရှေ့တောင်အာရှရှိ Scam စင်တာများတွင် လူကုန်ကူးခံရပြီး အတင်းအကျပ် ခိုင်းစေခံနေရသူ အနည်းဆုံး ၃၀၀,၀၀၀ ခန့် ရှိနေကြောင်း သိရပါတယ်။
Source; The Nation
