ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DRC) နှင့် ယူဂန္ဓာနိုင်ငံတို့တွင် ဖြစ်ပွားနေသော အီဘိုလာ (Ebola Bundibugyo) ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို “နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” (Public Health Emergency of International Concern) အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက် တွင် တရားဝင် ကြေညာလိုက်ပါတယ်ဗျာ။
အကယ်၍ အရေးပေါ် ထိန်းချုပ်မှုများ မလုပ်ဆောင်ပါက တစ်ဒေသလုံးသို့ ကူးစက်ပြန့်ပွားသွားနိုင်ကြောင်း WHO က သတိပေးထားပါတယ်။
ယခုတစ်ကြိမ် ကူးစက်ဖြစ်ပွားသည့် ဗိုင်းရပ်စ်သည် လူသိများသည့် ဇာအိုင်းယား (Zaire) အီဘိုလာမျိုးစိတ် မဟုတ်ဘဲ အတွေ့ရနည်းသည့် Bundibugyo မျိုးစိတ် ဖြစ်တာကြောင့် ပိုမိုစိုးရိမ်နေရခြင်း ဖြစ်ပါတယ်။ကာကွယ်ဆေးမရှိသေး: လက်ရှိအချိန်အထိ ဤမျိုးစိတ်သစ်အတွက် သီးသန့်အတည်ပြုထားသည့် ကာကွယ်ဆေး (Vaccines) သို့မဟုတ် ကုသဆေး လုံးဝမရှိသေးပါ။

သမိုင်းတွင် ဤမျိုးစိတ် ကူးစက်မှုကို ၂၀၀၇ ခုနှစ် ယူဂန္ဓာနှင့် ၂၀၁၂ ခုနှစ် ကွန်ဂိုတို့ပြီးလျှင် ယခု တတိယအကြိမ်မြောက် အဖြစ်သာ ကမ္ဘာပေါ်တွင် ပြန်လည်တွေ့ရှိရခြင်း ဖြစ်ပါတယ်။
ကူးစက်မှုအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဆင့်သို့ မရောက်ရှိသေးသော်လည်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေပါတယ်ဗျ။
ကွန်ဂိုနိုင်ငံ (DRC): အီတူရီ (Ituri) ပြည်နယ်ရှိ ကျန်းမာရေးဇုန် ၃ ခုတွင် ဓာတ်ခွဲခန်းအတည်ပြုလူနာ ၈ ဦး၊ သံသယလူနာ ၂၄၆ ဦးနှင့် သံသယဖြင့် သေဆုံးသူ ၈၀ ဦးအထိ ရှိနေပါတယ်။ မြို့တော် ကင်ရှာဆာ (Kinshasa) တွင်လည်း ခရီးသွားရာဇဝင်ရှိသူ ၁ ဦး ပိုးတွေ့ရှိထားပါတယ်။ယူဂန္ဓာနိုင်ငံ (Uganda): မြို့တော် ကမ်ပါလာ (Kampala) တွင် ကွန်ဂိုမှ ပြန်လာသူ ၂ ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိရပြီး ၁ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းများ သေဆုံးခြင်း: ရောဂါဖြစ်ပွားရာဒေသတွင် သံသယဖြစ်ဖွယ် သွေးလွန်တုပ်ကွေးဆန်သော ဝေဒနာဖြင့် ကျန်းမာရေးဝန်ထမ်း ၄ ဦးထက်မနည်း သေဆုံးခဲ့ရ တာကြောင့် ဆေးရုံ၊ ဆေးခန်းများအတွင်း ရောဂါကူးစက်မှုစနစ် အားနည်းနေခြင်းကို ပြသနေပါတယ်။
ကွန်ဂိုအရှေ့ပိုင်းဒေသများသည် လူဦးရေရွှေ့ပြောင်းသွားလာမှု များပြားခြင်း၊ သတ္တုတွင်းလုပ်ငန်းခွင်များကြောင့် ကူးလူးဆက်ဆံမှု ရှိခြင်း၊ တရားဝင်မဟုတ်သော ကျန်းမာရေးကွန်ရက်များနှင့် ဒေသတွင်း မတည်ငြိမ်မှု (စစ်မက်ဖြစ်ပွားမှု) များရှိနေခြင်းတို့ကြောင့် လူနာများနှင့် ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေရန် (Contact tracing) အလွန်ခက်ခဲနေပါတယ်ဗျာ။
WHO က အရေးပေါ်အခြေအနေ ကြေညာခဲ့သော်လည်း နိုင်ငံများအနေဖြင့် နယ်စပ်ဂိတ်များကို လုံးဝပိတ်ပစ်ခြင်း သို့မဟုတ် ကုန်သွယ်ရေး ပိတ်ဆို့ခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားပါတယ်။ နယ်စပ်များ ပိတ်လိုက်ပါက ပြည်သူများသည် စောင့်ကြည့်ရန်ခက်ခဲသော တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ခိုးဝင်ကြမည်ဖြစ်၍ ရောဂါကို ပိုမိုပြန့်ပွားစေနိုင်လို့ ဖြစ်ပါတယ်။
၎င်းအစား ပိုးတွေ့လူနာများကို သီးသန့်ခွဲထားခြင်း (Isolation) နှင့် နယ်စပ်ဂိတ်များတွင် ခရီးသွားများကို စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း (Screening) များကိုသာ တင်းကျပ်ရန် အကြံပြုထားပါတယ်။
Source; The Nation
