လာအိုလိုဏ်ဂူအတွင်း ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်ရန် ထမ်လူအန်ဂူကယ်ဆယ်ရေးဝါရင့်သူများ သွားရောက်ပူးပေါင်း

လာအိုနိုင်ငံ၊ ဆိုင်စွန်ဘွန်းပြည်နယ်၊ လောင်းချန်းဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းဟောင်း လိုဏ်ဂူတစ်ခုအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၍ ပိတ်မိနေသည့် အလုပ်သမား ၇ ဦး ကို ကယ်ဆယ်ရန်အတွက် ၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံ ထမ်လူအန်ဂူကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ဝါရင့်ဂူငုပ်လျှိုးကျွမ်းကျင်သူ နှစ်ဦး ဖြစ်ကြသော မစ်ကို ပါစီ (Mikko Paasi) နှင့် နာဆက် ပါလာဆင်း (Naset Palasingh) တို့ လာအိုနိုင်ငံသို့ သွားရောက်ပူးပေါင်းနေပြီ ဖြစ်ပါတယ်ဗျာ။

ဂူအတွင်း လမ်းကြောင်းမှာ အလွန်ကျဉ်းမြောင်း၊ မှောင်မည်းပြီး ရွှံ့နွံများ ထူထပ်လှသည်။ ဆက်တိုက်ရွာသွန်းနေသည့် မိုးကြောင့် ဂူတွင်းရေပမာဏ တရိပ်ရိပ်တက်လာခြင်း၊ အောက်ဆီဂျင်နည်းပါးခြင်းတို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များ အလွန်ရုန်းကန်နေရသည်။

လိုဏ်ဂူသည် မတ်စောက်သော တောင်ပေါ်ဒေသတွင် ရှိသဖြင့် သွားလာရ ခက်ခဲသည်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့ဝင် ၂၆ ဦးကို လာအိုအာဏာပိုင်များက ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ရပြီး၊ ရဟတ်ယာဉ်ကွင်းမှ ဂူဝအထိ ၂ နာရီနီးပါး တောင်တက်လမ်းကို လမ်းလျှောက်ရသဖြင့် ကယ်ဆယ်ရေးသမားများမှာ ဂူဝ၌သာ စခန်းချ၍ အားထုတ်နေကြရသည်။

လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များသည် ပိတ်မိနေသူများ ခိုလှုံနေလောက်မည့် ဂူတွင်းကုန်းမြင့်ပိုင်းနှင့် မီတာ ၃၀ ခန့်သာ ကွာဝေးတော့သော်လည်း၊ ကြိုးမလုံလောက်မှုနှင့် ရေတက်လာမှုတို့ကြောင့် အခြေအနေကို ပြန်လည်သုံးသပ်ကာ ရေစုပ်စက်များဖြင့် ရေကို အဆက်မပြတ် စုပ်ထုတ်လျက် ရှိသည်။

ဒီဖြစ်စဉ်ဟာ အချိန်နဲ့အမျှ ရေတက်လာနေတဲ့အတွက် သဘာဝတရားနဲ့ အချိန်လုကာ အသက်ဘေးကယ်တင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လတ်တလော မုတ်သုံလေကြောင့် လာအို၊ ထိုင်းနှင့် မြန်မာနယ်စပ် တောင်တန်းဒေသတွေမှာ မိုးအလွန်များနေတာမို့၊ စိုက်ပျိုးရေးနှင့် သတ္တုတွင်းဟောင်းများတွင် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအနေဖြင့် မိုးသည်းထန်ချိန်တွင် လိုဏ်ဂူများနှင့် တွင်းနက်များအတွင်း ဝင်ရောက်ခြင်းကို အထူးရှောင်ကြဉ်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Source; The Nation