ထိုင်းနိုင်ငံ စမွတ်စာခွန်ရှိ ပလတ်စတစ်နှင့် ကတ်ထူဖာစက်ရုံကြီး မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင် (Samut Sakhon) ရှိ ကတ်ထူဖာနှင့် ပလတ်စတစ်ထုပ်ပိုးပစ္စည်း ထုတ်လုပ်တင်ပို့သည့် Xinbang Group Co., Ltd. စက်ရုံကြီးတွင် ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် နံနက်အစောပိုင်း ၀၅:၅၀ နာရီခန့်က ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့ရာ ထုတ်လုပ်ရေးအဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

အကျယ်အဝန်း ၁၀ ရိုင်ကျော်ရှိသည့် စက်ရုံဝင်းအတွင်းရှိ ပလတ်စတစ်သေတ္တာ ထုတ်လုပ်သည့်အပိုင်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အတွင်းရှိ ပလတ်စတစ်စေ့များနှင့် ဓာတုပစ္စည်းများကြောင့် မီးအရှိန်အဟုန် အလွန်ပြင်းထန်ခဲ့သည်။

အနီးနားတွင် ရေရင်းမြစ်မရှိသဖြင့် မီးသတ်ကား ၂၀ နီးပါးခန့်က ဆည်မြောင်းတစ်ခုမှ ရေများကို အဆင့်ဆင့်စုပ်ယူကာ တစ်နာရီခန့် အပြင်းအထန် ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် အဆောက်အအုံတစ်ခုလုံးနှင့် စက်ပစ္စည်း၊ ကုန်ကြမ်းများ ပြာကျသွားခဲ့သည်။ အခင်းဖြစ်ပွားစဉ်က ရှိနေသည့် စက်ရုံအလုပ်သမားများကို လတ်တလော ရှာမတွေ့သေးသဖြင့် ရဲတပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းရင်းအမှန်ကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

စမွတ်စာခွန်သည် မြန်မာအလုပ်သမားအများဆုံးရှိရာ ဇုန်ဖြစ်ပြီး၊ ယခုကဲ့သို့ မီးကူးလွယ်သော ကုန်ကြမ်းများရှိသည့် စက်ရုံများတွင် မီးဘေးကာကွယ်ရေး (Fire Safety) စနစ်များကို အမြဲမပြတ် စစ်ဆေးထားသင့်သည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း ယခုကဲ့သို့ စက်ရုံပျက်စီးမှုကြောင့် ကုန်ထုတ်လုပ်မှု (Supply Chain) ရပ်ဆိုင်းမသွားစေရန် Crisis Management နှင့် အာမခံစနစ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Source;Khaosod