နတ်ရွာစံကံတော်ကုန်ဆုံးသွားခဲ့သည့် ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး မင်းသမီး ပါချာကီတီယာဗာ (Princess Bajrakitiyabha) ၏ ရုပ်ကလပ်တော်ကို မနက်ဖြန် (ဇွန်လ ၁၃ ရက်၊ စနေနေ့) မွန်းလွဲ ၃:၃၀ နာရီတွင် ချူလာလောင်ကွန်းဆေးရုံမှ ဘန်ကောက်မြို့ရှိ မဟာနန်းတော် (Grand Palace) သို့ တရားဝင် ပြောင်းရွှေ့ပင့်ဆောင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း နန်းတော်ထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယာဉ်တန်းသည် ဆေးရုံမှထွက်၍ ရာမာ ၄ လမ်း၊ ဖာယာထိုင်းလမ်း၊ သီရိအယုဒ္ဓယလမ်းနှင့် ရက်ချာဒါမနန်လမ်းများအတိုင်း မောင်းနှင်ကာ ဆနမ်လူအန် (Sanam Luang) ကွင်းကို ဖြတ်ပြီး မဟာနန်းတော် Viset Chaisri ဂိတ်မှတစ်ဆင့် ဝင်ရောက်မည်ဖြစ်သည်။
သတင်းထွက်ပေါ်လာပြီးကတည်းက ထိုင်းပြည်သူအများအပြားသည် မင်းသမီးကြီးအား နောက်ဆုံးအကြိမ် ဂါရဝပြုရန် ဆေးရုံသို့ ဝမ်းနည်းပူဆွေးစွာဖြင့် တဖွဲဖွဲ လာရောက်စုဝေးနေကြသည်။
တော်ဝင်ရေးရာကျွမ်းကျင်သူများက မင်းသမီးကြီး အစပြုခဲ့ပြီး အမျိုးသမီးအကျဉ်းသူများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သည့်၊ ကုလသမဂ္ဂကပါ ကမ္ဘာတစ်ဝန်း စံနှုန်းအဖြစ် လက်ခံကျင့်သုံးနေရသည့် “ဘန်ကောက်စည်းမျဉ်းများ (Bangkok Rules)” အပါအဝင် နှစ်ပေါင်း ၄၀ အတွင်း ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို အထူးချီးကျူး ဂုဏ်ပြုခဲ့ကြသည်။
Source;ThaiPBSWorld
