ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၈ နှစ်သားလေးတစ်ဦးနဲ့ ၁၅ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ပါတယ်။
ဆူရင် (Surin) ၊ အူဘွန်ရာ့ချ်သာနီ (Ubon Ratchathani)၊ စီဆာကက် (Sisaket) နဲ့ ဘူရီရမ် (Buriram) ပြည်နယ်တွေက အရပ်ဘက်ဒေသတွေဟာ ပစ်ခတ်မှုဒဏ်ကို ခံခဲ့ရတာပါ။ ဆူရင် (Surin) ပြည်နယ်၊ ကပ်ချိုအဲင် (Kap Choeng) ခရိုင်မှာ ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့လို့ ဒေသခံ ၄၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စီဆာကက် (Sisaket) မှာလည်း စူပါမားကတ် တစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ပြီး ကျောင်းသား ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsuthin က ဒီတိုက်ခိုက်မှုတွေကို လူမဆန်တဲ့ လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ ဒါဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ကျူးကျော်မှုတွေကို တုံ့ပြန်ဖို့ လိုအပ်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ထိုင်းတော်ဝင် တပ်မတော်ကလည်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: Bangkok Post (https://www.bangkokpost.com/thailand/general/3074972/cambodian-rockets-kill-four-thai-civilians-in-two-provinces)