Typhoon Maysak ကြောင့် တရုတ်တောင်ပိုင်းတွင် ဆည်များကျိုးပေါက်ကာ ရေကြီး၊ လူရာပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းရ

Typhoon Maysak ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ဆည်များကျိုးပေါက်ခဲ့ရာ၊ ဇူလိုင်လ ၆ ရက်နေ့တွင် အာဏာပိုင်များက ရေဘေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရပါတယ်။

ကွမ်ရှီးဒေသ၏ မြို့တော် နန်နင်းရှိ လျူလန် (Liulan) နှင့် ယွန်းပြောင် (Yunbiao) ရေလှောင်တမံများ ကျိုးပေါက်ခဲ့ပြီး ရွှံ့ရေနီကြီးများ လူနေအဆောက်အအုံများဘက်သို့ စီးဆင်းသွားခဲ့သည်။ ၂၄ နာရီအတွင်း မိုးရေချိန် ၆၃၇ မီလီမီတာအထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြစ်ပေါင်း ၅၅ စင်းတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်။

ဖန်ချန်းကန်မြို့တွင် ပြင်းထန်သော ရေကြီးမှုကြောင့် ဒေသခံ ၈၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ မေဆက်သည် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားသော်လည်း ရှေ့ဆက်၍ မိုးထပ်ရွာနိုင်သေးကြောင်း သတိပေးထားသည်။

တရုတ်အစိုးရက ကယ်ဆယ်ရေးသမား ၁,၃၇၂ ဦး၊ လှေ ၁၄၀ စင်း၊ အရေးပေါ်ဆက်သွယ်ရေး ဒရုန်း ၂ စင်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၅၀,၀၀၀ ကို စေလွှတ်ထားသည်။ ထို့ပြင် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၂၆၀ ကျော်ကို အရေးပေါ် ချထားပေးလိုက်သည်။

Source;The Straits Times