ဘန်ကောက်စားသောက်ဆိုင်ကြီး မီးလောင်မှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရ၊ သေဆုံးသူအများစု မီးခိုးမွှန်ပြီး အိမ်သာထဲပိတ်မိခဲ့

ဘန်ကောက်မြို့၊Chatuchak ခရိုင်ရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်တွင် စနေနေ့ညသန်းခေါင်ယံအချိန်က ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ် မီးဘေးဒုက္ခဆိုးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်ဗျာ။

Lat Phrao Road၊ လတ်ဖယောင်း လမ်း ၁ အနီးရှိ “နာလတ်ဖယောင်း” (Na Ladprao) စားသောက်ဆိုင်တွင် ဇူလိုင် ၁၁ ရက် (စနေနေ့) ည ၁၁:၅၇ နာရီခန့်က လူပေါင်း ရာနှင့်ချီ စည်ကားနေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့က နာရီဝက်ခန့် ငြှိမ်းသတ်ခဲ့ရသည်။

ဝန်ကြီးချုပ် အနုတင် Anutin Charnvirakul ၏ ပြောကြားချက်အရ စင်ပေါ်ရှိ လျှပ်စစ်ပတ်လမ်းဖြတ်စက် မှ မီးပွားထွက်ကာ လျှပ်စစ်မီးများပြတ်တောက်သွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆိုင်မှ ဂီတပညာရှင်များက ထွက်ဆိုထားသည်။

မီးလောင်မှုကြောင့် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၈ ဦး (စုစုပေါင်း ၂၇ ဦး) သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၆၃ ဦးအနက် ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်ကာ ဆေးရုံ ၁၆ ခုသို့ ခွဲဝေပို့ဆောင်ထားရသည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး Chadchart Sittipunt ၏ ပြောကြားချက်အရ မီးသည် မျက်နှာကြက်အလှဆင်ပစ္စည်းများမှတစ်ဆင့် ဆိုင်အရှေ့ဘက်ဝင်ပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် ကူးစက်သွားသဖြင့် ဆိုင်ထဲမှ လူ ၃၀၀ ခန့်သည် ဆိုင်နောက်ဘက်ရှိ အရေးပေါ်ထွက်ပေါက်များဆီသို့ တိုးဝှေ့ပြေးခဲ့ကြသည်။

Photo-Bangkok Post

ထိုသို့ပြေးလွှားစဉ် အချို့မှာ လမ်းမှားကာ အိမ်သာများအတွင်းသို့ ဝင်ရောက်ပိတ်မိခဲ့ကြပြီး၊ မျက်နှာကြက်မှ ထွက်လာသည့် အဆိပ်ငွေ့များနှင့် မီးခိုးများကြောင့် အိမ်သာအတွင်းနှင့် အရေးပေါ်ထွက်ပေါက်အရှေ့တို့တွင် မေ့လဲသွားကြကာ အခြားသူများ ထွက်ပေါက်ပိတ်ဆို့မှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ စားသောက်ဆိုင်သည် ကွန်ကရစ်တစ်ထပ်အဆောက်အအုံဖြစ်ပြီး ဖျော်ဖြေရေးဂီတလုပ်ငန်းလိုင်စင် တရားဝင်ရှိကာ ပြီးခဲ့သည့် ဧပြီလကမှ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် သေဆုံးသူများအနက် ၆ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) မည်သူမည်ဝါဖြစ်ကြောင်းကို ကနဦးအတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသည့် ရုပ်အလောင်းများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

Source;Bangkok Post