အမေရိကန် တိုက်ခိုက်လာပါက Red Seaလမ်းပိတ်ရန် Houthiအဖွဲ့ကို အီရန်တိုက်တွန်း

အကယ်၍ အမေရိကန်နိုင်ငံက အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာပါက Red Sea ရေနံတင်ပို့ရေး လမ်းကြောင်းကို ပိတ်ပစ်ရန်အတွက် စစ်ရေးပြင်ဆင်ထားကြရန် အီရန်အစိုးရက ယီမင်ရှိ Houthi လက်နက်ကိုင်အဖွဲ့အား တိုက်တွန်းထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်ဗျာ။

Houthi အဖွဲ့သည် ရေကြောင်းလိုင်းများကို တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြီးစီးထားပြီး အမိန့်ကို စောင့်ဆိုင်းနေသည်။ ၎င်းတို့သည် ဘက်ဘ်အယ်လ်မန်ဒက်ဘ် (Bab el-Mandeb) ရေလက်ကြားအနီးနှင့် ပင်လယ်ကွေ့ကို စီးမိုးထားသည့် ကုန်းမြင့်ဒေသများတွင် ဒုံးကျည်များနှင့် ဒရုန်းများကို ဖြန့်ကြက်ချထားပြီး ဖြစ်သည်။

ယီမင်နိုင်ငံအတွင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကိုယ်စားလှယ်များက ရေလက်ကြားအား မည်သည့်အချိန်တွင် စတင်ပိတ်ဆို့ရမည်ဆိုသည့် အမိန့်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

အီရန်သည် ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံကို သယ်ယူပို့ဆောင်ပေးနေသည့် ဟော်မုဇ် (Hormuz) ရေလက်ကြားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့ထားပြီးဖြစ်သည်။ဟော်မုဇ်ရေလက်ကြား ပိတ်ထားသဖြင့် ဆော်ဒီအာရေဗီယားသည် ၎င်း၏ ရေနံတင်ပို့မှု ၇၀% ခန့်အပါအဝင် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ၇% ကို Red Sea လမ်းကြောင်းမှတစ်ဆင့် လွှဲပြောင်းတင်ပို့နေရသည်။ ထို့ကြောင့် Red Sea လမ်းကြောင်းပါ ထပ်မံပိတ်ဆို့ခံရပါက ကမ္ဘာ့ရေနံဈေးကွက်နှင့် စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်စေမည်ဖြစ်သည်။

ဆော်ဒီအာရေဗီးယားနိုင်ငံသည် အီရန်နှင့် ဟူသီတို့၏ အဆိုပါပူးပေါင်းလုပ်ဆောင်မှု ခြိမ်းခြောက်ချက်များကို အလွန်စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်။

Source;The Nation