အရည်အသွေးညံ့လွန်း၍ Viral ဖြစ်ကာ ဒေါ်လာ ၄ သန်းကျော် ဝင်ငွေရသွားသည့် တရုတ် ကာတွန်းကား “Niu Lai”

တရုတ်နိုင်ငံတွင် ဘတ်ဂျက်နည်းပါးစွာဖြင့် ဖန်တီးထားသည့် “Niu Lai” (牛来) အမည်ရှိ 3D Animation ရုပ်ရှင်သည် အစပိုင်း၌ ကြည့်ရှုသူမရှိဘဲ ရုံတင်ပြသမှု ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့သော်လည်း အွန်လိုင်းပေါ်တွင် အရည်အသွေးညံ့ဖျင်းမှုကြောင့် လှောင်ပြောင်ဝေဖန်ခံရရာမှတစ်ဆင့် မထင်မှတ်ဘဲ ဝင်ငွေ ဒေါ်လာ ၄ သန်းကျော်အထိ ရရှိကာ အောင်မြင်မှုရရှိခဲ့ပါတယ်။
ဒါရိုက်တာ Xin Yumeng (信雨萌) မှာ အိမ်အလှဆင် လုပ်ငန်းမှ ပြောင်းလဲလာသူဖြစ်ပြီး Animation၊ Modeling၊ Editing နှင့် အသံသရုပ်ဆောင်မှုများကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သည်။ ၎င်း၏ အသက် ၆၀ အရွယ် မိခင် Sun Lifang (孙丽芳) ကလည်း ဇာတ်ညွှန်း၊ အသံသရုပ်ဆောင်နှင့် ဇာတ်ဝင်သီဆိုမှုကို တာဝန်ယူခဲ့သည်။
၂၀၂၁ မှစ၍ ၅ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့ပြီး ၂၀၂၆ ဩဂုတ် ၅ ရက်တွင် Trailer နှင့် ကြော်ငြာမပါဘဲ ရုံတင်ပြသခဲ့သည်။ ၈၆ မိနစ်စာ ဤဇာတ်ကားသည် မွေးခါစ နွားကလေးတစ်ကောင်၏ အိပ်မက်ဆန်ဆန် စွန့်စားခန်း ဇာတ်လမ်းဖြစ်သည်။
ရိုးရှင်းလွန်းသည့် 3D ပုံစံ၊ မချောမွေ့သည့် လှုပ်ရှားမှုများကြောင့် ရုံတင်ပြီး ၉ ရက်အတွင်း ကြည့်ရှုသူ ၂၃၆ ဦးနှင့် ဝင်ငွေ ဒေါ်လာ ၁,၀၀၀ ခန့်သာ ရရှိခဲ့ကာ ပြသသည့်ရုံ ၄ ရုံအထိ နည်းပါးသွားခဲ့သည်။
လူမှုကွန်ရက်ပေါ်တွင် “PowerPoint နှင့် လုပ်ထားသကဲ့သို့ ဖြစ်နေသည်” ဟု လှောင်ပြောင်သည့် Clip များ ပျံ့နှံ့သွားရာမှ “ဘယ်လောက်တောင် ညံ့သလဲ” ကိုယ်တိုင် သွားကြည့်ချင်သည့် စိတ်ကူးဖြင့် ပရိသတ်များ ရုပ်ရှင်ရုံများသို့ တိုးဝှေ့သွားရောက်ခဲ့ကြသည်။
ပရိသတ် တောင်းဆိုမှုကြောင့် ရုပ်ရှင်ရုံများက လက်ရေး Poster များဆွဲ၍ ထပ်မံပြသခဲ့ရပြီး ဩဂုတ် ၂၀ ရက်အထိ ဝင်ငွေ ဒေါ်လာ ၄ သန်းကျော် အထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့သည်။