ထိုင်းအမျိုးသမီးတစ်ဦးက အအေးခန်းအတွင်း မထည့်ဘဲ ၄၃ ရက်ကြာ ထားရှိခဲ့သည့် Shine Muscat စပျစ်သီးများ ပုပ်သိုးမသွားဘဲ လတ်ဆတ်နေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ် တင်လိုက်ရာမှ စပျစ်သီးအတွင်း ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်း ကျန်ရှိမှုနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်မှုများနှင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေပါတယ်ဗျာ။
အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၁၀ ရက်က ဝယ်ယူခဲ့သော စပျစ်သီးများကို ဩဂုတ် ၂၄ ရက်တွင် “We Are Consumers” Facebook အဖွဲ့၌ ဓာတ်ပုံတင်ခဲ့ရာ၊ အအေးခန်း မသုံးဘဲ ၄၃ ရက်ကြာသည်အထိ အသီးမှာ ပုပ်သိုးမသွားဘဲ စိမ်းလန်းလျက်ရှိပြီး အခွံသာ အနည်းငယ် တွန့်သွားကြောင်း ဖော်ပြထားသည်။
အွန်လိုင်းသုံးစွဲသူများက ဖော်မလင် (Formaldehyde) သို့မဟုတ် ပိုးသတ်ဆေးများ လွန်ကဲစွာ သုံးစွဲထားခြင်း ဖြစ်နိုင်ကြောင်း ရေးသားခဲ့ကြပြီး၊ အချို့ကလည်း စပျစ်သီးကို ဆားရေဖြင့် သေချာဆေးကြော စားသုံးခဲ့သော်လည်း အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့ဖူးကြောင်း မျှဝေထားကြသည်။
ထိုင်းအာဏာပိုင်များ၏ ယခင် စပျစ်သီး စိစစ်ချက်များအရ Shine Muscat စပျစ်သီး ၂၄ မျိုးကို စစ်ဆေးခဲ့ရာ ၂၃ မျိုးတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်း ၅၀ ကျော် တွေ့ရှိခဲ့ဖူးသည်။ ထို့ပြင် ထိုင်းနိုင်ငံ၌ ပိတ်ပင်ထားသည့် Chlorpyrifos ဆေးတစ်မျိုး အပါအဝင် ၇၄% သော ဓာတ်ကြွင်းများမှာ အသီး၏ အခွံတင်မကဘဲ အသားအတွင်းအထိ စိမ့်ဝင်နိုင်သည့် Systemic Pesticides များ ဖြစ်နေသည်။
စပျစ်စိုက်ပျိုးသူတစ်ဦးကမူ စပျစ်သီးများကို နည်းလမ်းတကျ အအေးခန်းထားပါက ၆ လကျော်အထိ မပုပ်ဘဲ ခံကြောင်း တုံ့ပြန်ထားသည်။
ကျွမ်းကျင်သူများက စပျစ်သီးများတွင် ပါဝင်သော ဓာတုဓာတ်ကြွင်း ပမာဏမှာ Codex စံချိန်စံညွှန်းများထက် မပိုသဖြင့် အလွန်အမင်း စိုးရိမ်စရာ မလိုကြောင်းနှင့် မစားသုံးမီ ရေ ၁၀ လီတာလျှင် မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်၍ မိနစ် ၁၅ ကြာ စိမ်ထားပါက ဓာတုဓာတ်ကြွင်း ၃၆% မှ ၇၅% အထိ လျှော့ချပေးနိုင်ကြောင်း သို့မဟုတ် စီးဆင်းနေသော ရေ / ဆားရေတို့ဖြင့် ဆေးကြောရန် အကြံပြုထားသည်။
Source;Thaiger
