တရားမဝင် နိုင်ငံခြားသားများအား ချက်ချင်း ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဉ်းသစ် ထိုင်း၌ စတင်သက်ရောက်

ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်ပြီး အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေသည့် နိုင်ငံခြားသားများအား မြန်ဆန်ထိရောက်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရန်အတွက် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က “ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်း B.E. 2569 (2026)” ကို လက်မှတ်ရေးထိုးလိုက်ပြီး၊ ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှ စတင်၍ တရားဝင် သက်ရောက်ပြီဖြစ်ပါတယ်။
စည်းမျဉ်းသစ်အရ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်သည် ဥပဒေချိုးဖောက်သော နိုင်ငံခြားသားများ၊ အားပေးကူညီသူများအား ပြည်နှင်ဒဏ်ပေးရန် ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက် တင်ပြအမိန့်ထုတ်ပြန်နိုင်မည် ဖြစ်သည်။
အဓိက အရေးယူမည့် ပြစ်မှု ၅ မျိုး:
1.တရားမဝင် ဝင်ရောက်မှု သို့မဟုတ် နေထိုင်မှု၊
2.တရားမဝင် အလုပ်သမား စီမံခန့်ခွဲမှု၊
3.တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု (Nominee အမည်ငှား စနစ်များ)၊
4.အစိုးရ တရားဝင် စာရွက်စာတမ်း အတုပြုလုပ်မှု သို့မဟုတ် သုံးစွဲမှု၊
5.ထောင်ဒဏ် ၅ နှစ်နှင့်အထက် ချမှတ်နိုင်သော ပြစ်မှုများ (ကျူးလွန်သူ၊ စေခိုင်းသူနှင့် အားပေးကူညီသူများ အပါအဝင်)။
ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် နိုင်ငံခြားသားများကို ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ချက်ချင်း ပြည်နှင်ဒဏ် ပေးမည်ဖြစ်သည်။ အကျဉ်းဦးစီးဌာနသည် လွတ်ရက်မတိုင်မီ ၁၅ ရက်အလို၌ သက်ဆိုင်ရာ အချက်အလက်များကို ပြည်ထဲရေးထံ ပေးပို့ရမည်ဖြစ်သည်။
ပြည်နှင်ဒဏ်ပေးရာတွင် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စည်းမျဉ်းများကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ မူလနိုင်ငံသို့ ပြန်ပါက ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်ရှိပါက တတိယနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ရက် ၃၀ အတွင်း (၂ ကြိမ်အထိ သက်တမ်းတိုးနိုင်) တတိယနိုင်ငံသို့ ပြောင်းရွှေ့ခွင့် ပြုမည်ဖြစ်သည်။
အကယ်၍ သတ်မှတ်ရက်အတွင်း တတိယနိုင်ငံသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိပါက ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
Source;Thaitath