နှစ်သစ်ကူးပွဲများ ဖျက်သိမ်းမည်ဆိုသည့် ကိုဗစ် သတင်းတုကို ထိုင်းကျန်းမာရေးဌာန ငြင်းဆို

“Deltacron XBC” အမည်ရှိ ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုကြောင့် နှစ်သစ်ကူး ပွဲလမ်းသဘင်များကို ဖျက်သိမ်းမည်ဆိုသော ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် သတင်းတုများကို ယုံကြည်ခြင်းမရှိကြရန် ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ဩဂုတ်လ ၃၀ ရက် (တနင်္ဂနွေနေ့) တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။
စုလာဘွန် ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့၏ အမည်ကို အသုံးပြု၍ “Deltacron XBC” မျိုးကွဲသည် ယခင်ဗိုင်းရပ်စ်များထက် ၃ ဆပိုမို အန္တရာယ်များကြောင်းနှင့် တစ်ရက်ချင်းစီဖြစ်ပေါ်မည့် လက္ခဏာများဟုဆိုကာ သတင်းအမှားများ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းအမှားသည် ၂၀၂၂ ခုနှစ်ကတည်းက စတင်ပျံ့နှံ့ခဲ့သည့် သတင်းဟောင်းဖြစ်ပြီး ယခုမှ ပြန်လည်ပျံ့နှံ့လာခြင်းဖြစ်သည်။ လက်ရှိတွင် ပွဲလမ်းသဘင်များ ဖျက်သိမ်းရန် အကြောင်းအရင်း မရှိဘဲ ဆေးဝါးနှင့် ဆေးပစ္စည်းများလည်း လုံလောက်စွာ ရှိကြောင်း အတည်ပြုထားသည်။
DDC နှင့် ဆေးသိပ္ပံဦးစီးဌာနတို့၏ ပူးပေါင်းစောင့်ကြည့်မှုအရ ထိုင်းနိုင်ငံတွင် လက်ရှိအဓိကတွေ့ရှိရသည့် မျိုးကွဲမှာ Omicron NB.1.8.1 ဖြစ်ပြီး သတင်းတုပါ “Deltacron XBC” မဟုတ်ပါ။NB.1.8.1 သည် ရောဂါပိုမိုပြင်းထန်ခြင်းမရှိဘဲ သေဆုံးနှုန်းမှာလည်း ၀.၀၁% သာရှိသဖြင့် အလွန်နည်းပါးပြီး ရိုးရိုးတုပ်ကွေးကဲ့သို့ လက္ခဏာများသာ ပြသသည်။အသက်ကြီးသူများ၊ နာတာရှည်ရောဂါသည်များနှင့် ကိုယ်ခံအားနည်းသူများတွင်သာ ရောဂါပြင်းထန်နိုင်သည်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများ ရှိပါက အိမ်တွင်သာ အနားယူရန်၊ အခြားသူများနှင့် နီးကပ်စွာနေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြားထားသည်။
“၆၀၈ အုပ်စု” (ရောဂါပြင်းထန်နိုင်ခြေရှိသူများ): 

၁။ အသက် ၆၀ နှင့်အထက် လူကြီးများ 
၂။ နာတာရှည် ရောဂါ ၇ မျိုး ရှိသူများ (အသက်ရှူလမ်းကြောင်း၊ နှလုံး၊ ကျောက်ကပ်၊ လေဖြတ်၊ အဝလွန်၊ ကင်ဆာ၊ ဆီးချို) 
၃။ ကိုယ်ဝန်ဆောင်များ (ကိုယ်ဝန် ၁၂ ပတ်နှင့်အထက်)
DDC ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒီရက် ခမ်ဖဲန် က ခိုင်လုံသော အထောက်အထားမရှိသည့် ကျန်းမာရေး သတိပေးချက်များကို မယုံကြရန်နှင့် ထပ်ဆင့် မမျှဝေကြရန် တိုက်တွန်းထားသည်။ မရေရာသော သတင်းများကို မျှဝေခြင်းသည် ပြည်သူများအကြား စုပြုံစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေနိုင်သည်။ သတင်းအချက်အလက် စုံစမ်းလိုပါက DDC Hotline 1422 သို့ ဆက်သွယ်နိုင်ပါသည်။


Source;The Nation