လုပ်သားအင်အား ပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားခေါ်ယူနိုင်သည့် နိုင်ငံအရေအတွက် (၈) နိုင်ငံအထိ တိုးချဲ့ရန် စီစဉ်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီး မငြိမ်မသက်မှုများကြောင့် ဖြစ်ပေါ်လာသည့် လုပ်သားအင်အား ပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားသား အလုပ်သမားခေါ်ယူနိုင်သည့် နိုင်ငံအရေအတွက်ကို ၈ နိုင်ငံအထိ တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။

အလုပ်သမားဝန်ကြီး Pongkawin Jungrungruangkit က သြဂုတ်လ ၁၃ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒကော်မတီကို ခေါ်ယူပြီး သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ အလုပ်သမားများကို ထပ်မံခေါ်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ယခင်က နိုင်ငံခြားသား အလုပ်သမားများကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ ၄ ခုမှသာ ခေါ်ယူခဲ့သည်။ ယခုကဲ့သို့ (၈) နိုင်ငံအထိ တိုးချဲ့လိုက်ခြင်းသည် ပုံမှန်အားဖြင့် (၂) လမှ (၃) လအထိ ကြာမြင့်လေ့ရှိသည့် နားလည်မှုစာချွန်လွှာ (MOU) လုပ်ငန်းစဉ်ကို ကျော်လွှားကာ အရေးပေါ်အခြေအနေများတွင် အလုပ်သမားများ ခေါ်ယူနိုင်ရန် အထောက်အကူပြုမည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးက နိုင်ငံအရေအတွက် တိုးချဲ့ခြင်းဆိုင်ရာ ဆွေးနွေးမှုများသည် မမျှော်လင့်သော အလုပ်သမားပြတ်လပ်မှုများ ကြုံတွေ့ရသည့်တိုင် စီးပွားရေးလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်စေရန် ရည်ရွယ်ကြောင်း ရှင်းပြခဲ့သည်။ မကြာသေးမီက ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်းကျော်သည် လူဝင်မှုကြီးကြပ်ရေးလမ်းကြောင်းများမှတစ်ဆင့် ၎င်းတို့၏ ဇာတိမြေသို့ ပြန်သွားခဲ့ပြီး ၎င်းတို့အနက် ၃၀,၀၀၀ ခန့်သည် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးရှိ အလုပ်ရှင်များထံမှ အလုပ်သမားလိုအပ်ချက်များကို စုဆောင်းနေပြီး ကဏ္ဍအားလုံးတွင် တရားမျှတစွာ ဖြန့်ဝေနိုင်ရန် နိုင်ငံခြားသား အလုပ်သမားအသစ် (၄၂,၀၀၀) ခန့်ကို ခေါ်ယူခွင့်ပြုရန် စီစဉ်ထားကြောင်း Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

ထိရောက်သော လုပ်သားအင်အား စီမံခန့်ခွဲမှုဖြင့် ကမ္ဘောဒီးယား အလုပ်သမားပြတ်လပ်မှုကို နှစ်လအတွင်း ဖြေရှင်းနိုင်မည်ဟု Pongkawin က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနသည် အလုပ်သမားဥပဒေများကို တင်းကျပ်စွာ လိုက်နာရင်း အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးအတွက် တရားမျှတမှုကို သေချာစေရန် ကတိပြုထားသည်။

အလားတူ သတင်းတစ်ခုအရ Chon Buri ရှိ ကမ္ဘောဒီးယား အလုပ်သမားများသည် ၎င်းတို့၏ ဇာတိနိုင်ငံမှ ပြန်မလာပါက ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားဖြစ်ခွင့်များ ဆုံးရှုံးနိုင်သည်ဟု ခြိမ်းခြောက်ခံရပြီးနောက် ထိုင်းနိုင်ငံမှ ထွက်ခွာနေကြကြောင်း အဆိုပါ အလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်များ နှစ်ဦးစလုံးက ပြောကြားခဲ့သည်။

Tambon Pong, Bang Lamung ခရိုင်တွင် ဘတ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၉၂၇,၉၃၀) တန်ဖိုးရှိ အိမ်ရာတစ်ခု ဆောက်လုပ်ရေးကို ကြီးကြပ်နေသည့် အသက် ၅၅ နှစ်အရွယ် Chitipat Janthong က ၎င်း၏ ကမ္ဘောဒီးယား ဝန်ထမ်းများစွာကို ဆက်လက်ခန့်ထားရန် ကြိုးစားသော်လည်း ၎င်းတို့သည် ဇာတိမြေသို့ ပြန်သွားခဲ့ကြကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: Thaiger