ဘတ် ၅.၃ သန်းကျော် တန်ဖိုးရှိ ဝိတ်ကျဆေး ထိုးအပ် ၈,၉၀၀ ခိုးသွင်းသည့် တရုတ်နိုင်ငံသားအား သုဝဏ္ဏဘူမိ၌ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Suvarnabhumi International Airport) ၌ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှ လေယာဉ်ဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ် ၂ လုံးအတွင်းမှ ထိုင်းအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) တွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဝိတ်ကျဆေး ထိုးအပ် (Weight-loss injection pens) စုစုပေါင်း ၈,၉၀၀ ကို ထိုင်းအကောက်ခွန် အရာရှိများက ဖမ်းဆီးရမိခဲ့ပါတယ်။

သုဝဏ္ဏဘူမိ လေဆိပ် အကောက်ခွန်ဆိုင်ရာ ညွှန်ကြားရေးမှူး Santanee Phairattanakorn ၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသည့် ဝိတ်ကျဆေး ထိုးအပ် ၈,၉၀၀ ၏ စုစုပေါင်း ကာလတန်ဖိုးမှာ ဘတ် ၅.၃၄ သန်း (THB 5.34 million) ကျော် ရှိကြောင်း သိရသည်။

အဆိုပါ ဆေးဝါးများသည် ထိုင်းနိုင်ငံအတွင်း အထူးထိန်းချုပ်ထားသည့် GLP-1 အုပ်စုဝင် ဝိတ်ကျဆေးများ ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) ၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင် တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ယခု တရားမဝင် တင်သွင်းရန် ကြိုးပမ်းမှုသည် ထိုင်းနိုင်ငံ၏ ၂၀၁၇ အကောက်ခွန် ဥပဒေနှင့် ၁၉၆၇ ဆေးဝါးဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ရာ ရောက်သဖြင့် တရားစွဲဆို အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုင်းနိုင်ငံ အကောက်ခွန် ဌာနသည် အရည်အသွေး မမှီသော ဆေးဝါးများနှင့် စံချိန်စံညွှန်း မမှီသည့် တရားမဝင် ကုန်ပစ္စည်းများ နိုင်ငံအတွင်းသို့ မှောင်ခိုဝင်ရောက်လာမှုကို ကာကွယ်ရန်အတွက် နိုင်ငံတကာ ခရီးသွား ဝင်ပေါက်များနှင့် အကောက်ခွန် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများကို ယခင်ထက် ပိုမို တင်းကြပ်စွာ ဆောင်ရွက်လျက် ရှိပါတယ်။

Source;The Nation