ထူးခြားဆန်းသစ်တဲ့ စက်ဝိုင်းပုံရွာလေး- ထိုင်းနိုင်ငံရဲ့ ဘန်ထပ်ထိုင်းရွာ (Ban Thap Thai) အကြောင်း 

ခရီးသွားရင်း ထိုင်းနိုင်ငံ၊ စကဲ့ယို (Sa Kaeo) မှာရှိတဲ့ ဘန်ထပ်ထိုင်း (Ban Thap Thai) လို့ခေါ်တဲ့ ရွာလေးတစ်ခုဟာ အမြင်အားဖြင့် ရိုးရိုးလေးလို့ထင်ရပေမဲ့ သူ့ရဲ့တည်ဆောက်ပုံက ထူးခြားပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီရွာလေးဟာ စက်ဝိုင်းပုံစံ တည်ဆောက်ထားတဲ့ မြို့ပြအစီအစဉ်ကြောင့် နာမည်ကျော်ပြီး ဒီလိုတည်ဆောက်ထားရတဲ့ ရည်ရွယ်ချက်တွေကလည်း ရိုးရှင်းတဲ့ ရည်ရွယ်ချက်တွေမဟုတ်ပါဘူး။

▪️စစ်ရေးဗျူဟာကနေ လူမှုစည်းလုံးမှုဆီသို့

ဒီရွာရဲ့ သမိုင်းကြောင်းဟာ ၁၉၇၉ ခုနှစ်ကစခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ခမာနီစစ်အစိုးရလက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေရာချထားပေးတဲ့ စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်း ၁၉၈၀ မှာတော့ “ဘန်ထပ်ထိုင်း” လို့ တရားဝင်အမည်ပေးခဲ့ပြီး နယ်စပ်ဒေသရဲ့ မတည်ငြိမ်တဲ့အခြေအနေကြားမှာ ဒေသခံတွေအတွက် တည်ငြိမ်တဲ့နေထိုင်ရာတစ်ခုဖြစ်လာအောင် ပြောင်းလဲဖော်ဆောင်ခဲ့ပါတယ်။

ဒီရွာရဲ့ အထူးခြားဆုံးအချက်ကတော့ “သုံးဆင့်ပါ စက်ဝိုင်းပုံ” မြို့ပြအစီအစဉ်ပါ။ ဒီဇိုင်းကို စစ်ရေးဗျူဟာအရ ရေးဆွဲခဲ့တာဖြစ်ပြီး အိမ်တိုင်းဟာ တူညီတဲ့ပုံစံမျိုး ဆောက်လုပ်ထားကာ ရွာကို ဝိုင်းရံထားတဲ့ အပြင်ဘက်အဝိုင်းကတော့ အရင်က မိုင်းတွေနဲ့ ဝန်းရံထားတဲ့ ကာကွယ်ရေးအတားအဆီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရွာရဲ့လုံခြုံရေးအတွက် ကင်းမျှော်စင် ၁၆ ခုပါ ထားရှိခဲ့ပါတယ်။

▪️ရွာလယ်ဗဟိုက လူမှုရေးနှောင်ကြိုးများ

ဘန်ထပ်ထိုင်းရွာရဲ့ အလယ်ဗဟိုမှာတော့ လူမှုအသိုက်အဝန်းအတွက် အရေးပါတဲ့ နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ကျောင်း၊ ရဲစခန်း၊ ဆေးရုံနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ထားရှိပါတယ်။ ဒီလိုဒီဇိုင်းကြောင့် ရွာသားတွေဟာ အချင်းချင်း အလွယ်တကူ ဆက်သွယ်ထိတွေ့နိုင်ပြီး လူမှုရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ရွာကို “ကွမ်” (kums) လို့ခေါ်တဲ့ အစုအဝေး ၈ ခုအဖြစ် ထပ်မံခွဲခြားထားပြီး အုပ်စုတစ်ခုချင်းစီမှာ ခေါင်းဆောင်တစ်ဦးစီက စီမံခန့်ခွဲပါတယ်။ ဒီလိုစီမံခန့်ခွဲမှုပုံစံက ရွာအတွင်းပိုင်း စီမံခန့်ခွဲမှုတွေကို ချောမွေ့စေပြီး ရွာသားတွေကြား စည်းလုံးမှုကို ခိုင်မာစေပါတယ်။

ဘန်ထပ်ထိုင်းရွာဟာ လုံခြုံရေးအတွက် စစ်ရေးဗျူဟာအရ စတင်တည်ဆောက်ခဲ့ပေမဲ့၊ ယခုအခါမှာတော့ ခံနိုင်ရည်ရှိပြီး စည်းလုံးညီညွတ်တဲ့ လူမှုအသိုက်အဝန်းရဲ့ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် ဒီရွာဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး သွားရောက်လေ့လာဖို့ အလွန်ထိုက်တန်ပါတယ်။

Source: The Nation Thailand