​​Elon Musk ကိုကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည့် Oracle ပူးတွဲတည်ထောင်သူ Larry Ellison အကြောင်း

နာမည်ကျော် နည်းပညာကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်သူ Larry Ellison သည် ၎င်း၏သူငယ်ချင်း Donald Trump သမ္မတရာထူးရရှိပြီး သားဖြစ်သူ David Ellison က CBS မီဒီယာကုမ္ပဏီကို ရယူချိန်တွင် သူ၏မိတ်ဆွေ Elon Musk ကို ခေတ္တကျော်လွန်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

Oracle ၏ ရှယ်ယာတန်ဖိုးများ သိသိသာသာ မြင့်တက်လာမှုကြောင့် Ellison ၏ ပိုင်ဆိုင်မှုမှာ $393 ဘီလီယံ အထိ တိုးလာခဲ့ပြီး Musk ၏ $384 ဘီလီယံ ကို ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း နေ့ကုန်ချိန်တွင် Musk က ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိခဲ့သည်။

Ellison သည် Musk ကဲ့သို့ လူသိများခြင်း မရှိသော်လည်း နည်းပညာလောကနှင့် နိုင်ငံရေးနယ်ပယ်နှစ်ခုလုံးတွင် လွှမ်းမိုးမှုရှိသူတစ်ဦးဖြစ်သည်။ သူ၏ ဇိမ်ခံလူနေမှုဘဝပုံစံကြောင့်လည်း နာမည်ကြီးသူဖြစ်ပြီး ရွက်လှေကြီးများ၊ ကိုယ်ပိုင်လေယာဉ်များ၊ ဇနီးသည်များစွာနှင့် ဟာဝိုင်ယီရှိ Lanai ကျွန်းတစ်ခုလုံးကိုပင် ပိုင်ဆိုင်ထားသည်။

အသက် ၈၁ နှစ်အရွယ်ရှိ ဤဘီလျံနာကြီးသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ဆော့ဖ်ဝဲဖန်တီးရေးလုပ်ငန်းဖြင့် ချမ်းသာလာခဲ့သည်။ CIA အတွက် ဒေတာဘေ့စ်တစ်ခု တည်ဆောက်ရန် စာချုပ်ရပြီးနောက် Oracle ကို ပူးတွဲတည်ထောင်ခဲ့သည်။ Oracle သည် ကမ္ဘာတစ်ဝန်းရှိ Fortune 500 ကုမ္ပဏီများအတွက် ဆော့ဖ်ဝဲများ ဖန်တီးပေးသည့် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပြီး မကြာသေးမီက cloud computing လုပ်ငန်းတွင်လည်း ဦးဆောင်လာခဲ့သည်။

ဉာဏ်ရည်တု (AI) ခေတ်ရေစီးကြောင်းကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာဖြစ်ပေါ်စေခဲ့ပြီး ChatGPT ကို ဖန်တီးသူ OpenAI ကဲ့သို့သော ကုမ္ပဏီများနှင့်လည်း စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ Ellison ကမူ AI သည် စက်မှုတော်လှန်ရေးနှင့် လျှပ်စစ်ဓာတ်အားတို့ထက် များစွာပို၍ ကြီးမားသောကိစ္စဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

Ellison သည် Tesla ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပါဝင်ခဲ့ပြီး Musk ၏ လျှပ်စစ်ကားကုမ္ပဏီတွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားသည်။ သူသည် သမ္မတ Donald Trump နှင့် ဆယ်စုနှစ်တစ်ခုကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့်လည်း ခင်မင်ရင်းနှီးသည်။ Musk ကိုယ်တိုင်က Ellison ကို ၎င်း၏ဆရာဟု ခေါ်ဆိုပြီး သူတွေ့ဖူးသမျှ လူများထဲတွင် ဉာဏ်အထက်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: The Guardian