Ishiba နှင့် Lee  တို့က ဂျပန်–တောင်ကိုရီးယား ဆက်ဆံရေးကို အနာဂတ်တွင် ပိုတိုးတက်အောင် လုပ်ဆောင်သွားမည်ဟု ကတိပြု

ဂျပန်ဝန်ကြီးချုပ်ရုံးမှာပြုလုပ်ခဲ့တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် အီရှိဘာ (Ishiba) က ၁၉၉၈ ခုနှစ်က ဂျပန်-တောင်ကိုရီးယား ပူးတွဲကြေညာချက်အပါအဝင် ဂျပန်ရဲ့ ကိုလိုနီခေတ်သမိုင်းကို ဖော်ပြထားတဲ့ ယခင်အစိုးရအဖွဲ့တွေရဲ့ သဘောထားကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ဂျပန်ရဲ့ စစ်အတွင်းကိုလိုနီအုပ်ချုပ်မှုအပေါ် နောင်တရပြီး တောင်းပန်ကြောင်း ဖော်ပြထားပါတယ်။

အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်အီရှိဘာက “ပိုကောင်းတဲ့အနာဂတ်ဆီကို လက်တွဲပြီး ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ လီ (Lee) ကလည်း သူ့ရဲ့ ဂျပန်ခရီးစဉ်ဟာ နှစ်နိုင်ငံပြည်သူတွေအကြား စစ်မှန်တဲ့ယုံကြည်မှုကို တည်ဆောက်ဖို့ ခရီးစဥ်တစ်ခုရဲ့အစဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရှိဘာနဲ့ လီဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန်သွားလာတဲ့ “shuttle diplomacy” (ခေါင်းဆောင်ချင်း အလွတ်သဘောသွားရောက်ဆွေးနွေးမှု) ပြန်လည်စတင်တာကို ကြိုဆိုခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး တရုတ်ရဲ့စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ မြောက်ကိုရီးယား-ရုရှား မဟာမိတ်ဖွဲ့မှုကို တန်ပြန်ဖို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို သဘောတူခဲ့ကြပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေက မဟာဗျူဟာမြောက် လုံခြုံရေး ဆွေးနွေးဆက်ဆံရေးကို အားကောင်းစေဖို့နဲ့ ဟိုက်ဒရိုဂျင်၊ ဉာဏ်ရည်တု (AI) လိုမျိုး အဆင့်မြင့်လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ပြန်လည်အတည်ပြုခဲ့ကြပါတယ်။

လူဦးရေအိုမင်းရင့်ရော်မှုနဲ့ ဒေသဆိုင်ရာ ပြန်လည်ဦးမော့ရေးလိုမျိုး လူမှုရေးစိန်ခေါ်မှုတွေအတွက်လည်း ဆွေးနွေးမှုတွေ စတင်ဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား Working Holiday အစီအစဉ်တွေကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

နှစ်နာရီကြာမြင့်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးရဲ့ အောင်မြင်မှုတွေကို ဖော်ပြထားတဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်ကို နှစ်နိုင်ငံအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေအကြား ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ ပူးတွဲစာတမ်းဖြစ်ပါတယ်။

သမ္မတ လီဟာ ပြီးခဲ့တဲ့ ဇွန်လက ရာထူးတက်ပြီးနောက် ဂျပန်ကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေး ပုံမှန်ဖြစ်လာပြီးနောက်ပိုင်း မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ကို မသွားခင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ဂျပန်ကို ပထမဆုံး လာရောက်တဲ့ တောင်ကိုရီးယားသမ္မတလည်း ဖြစ်လာပါတယ်။

Source: The Nation Thailand