သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဆီစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းအမြန်ချောပို့လုပ်ငန်းကြီးများဖြစ်သော KEX၊ J&T Express နှင့် Flash Express တို့သည် ပါဆယ်ပို့ဆောင်ခကို တစ်ခုလျှင် ၃ ဘတ်စီ တပြိုင်နက်တည်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
အဆိုပါ နှုန်းထားသစ်ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစတင်၍ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဆက်တိုက်မြင့်တက်နေသည့် လောင်စာဆီစရိတ်နှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကို ကာမိစေရန် ယခုကဲ့သို့ ညှိနှိုင်းရခြင်းဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ KEX သည် ဝန်ဆောင်မှုအရည်အသွေးကို ထိန်းသိမ်းရန်အတွက် “လောင်စာဆီအပိုဆောင်းခ” (Fuel Surcharge) အဖြစ် ၃ ဘတ် ထပ်ဆောင်းကောက်ခံမည်ဖြစ်ပြီး၊ ဆီစျေးနှုန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက အဆိုပါနှုန်းထားကို ပြန်လည်လျှော့ချပေးသွားမည်ဟု ဆိုသည်။
အလားတူ J&T နှင့် Flash Express တို့ကလည်း လုပ်ငန်းလည်ပတ်မှုစရိတ် မြင့်တက်လာခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ အနှောင့်အယှက်မဖြစ်စေရန် စျေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း အသီးသီး အကြောင်းကြားထားကြသဖြင့် အွန်လိုင်းလုပ်ငန်းရှင်များနှင့် စားသုံးသူများအနေဖြင့် ဧပြီလဆန်းမှစ၍ ပြောင်းလဲမည့် ပို့ဆောင်ခနှုန်းထားများကို ကြိုတင်သတိပြု ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
Source; Thairath
