Khon Kaen မှာ ကရိန်းပြုတ်ကျပြီး အိမ်တစ်လုံး ပိမိ

ထိုင်းနိုင်ငံ၊ Khon Kaenမြို့တွင် အလေးချိန် ၁ တန်ကျော်ရှိသည့် အသင့်တပ်ဆင်နိုင်သော နေအိမ်တစ်လုံးအား ကရိန်းဖြင့် မတင်စဉ် လူနေအိမ်ပေါ်သို့ ပြုတ်ကျသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မတော်တဆမှုမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က Khon Kaen စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စွိုင်ကလောင်မောင်း ၉ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကရိန်းသည် အဆိုပါအိမ်အား ၁၀ မီတာကျော်အမြင့်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများပေါ်မှ ကျော်ဖြတ်မတင်စဉ် အလေးချိန်မနိုင်ဘဲ ဘေးချင်းကပ်လျက်ရှိသော နေအိမ်ပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းဖြစ်ရပ်ကြောင့် အိမ်အတွင်း ပိတ်မိနေသည့် အသက် ၂၉ နှစ်အရွယ် အိမ်ရှင် Nakarin Chinbut အား ဆောက်လုပ်ရေးအဖွဲ့က ပြတင်းပေါက်ကို အတင်းဖွင့်၍ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါသည်။ အိမ်ရှင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ အံ့သြဖွယ် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေ့စဉ် ဝတ်ဆင်လေ့ရှိသည့် Luang Pho Chain၏ “တောင်ပံပါသောကျား” အဆောင်လက်ဖွဲ့ကြောင့် ဘေးကင်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်လျက်ရှိပါသည်။ လက်ရှိတွင် ကာယကံရှင်မိသားစုဝင်များက ကရိန်းကုမ္ပဏီနှင့် အာမခံကုမ္ပဏီတို့ထံမှ ထိုက်တန်သော ပျက်စီးဆုံးရှုံးမှု လျော်ကြေးငွေများ ရရှိရန် မျှော်လင့်လျက်ရှိပါသည်။

Source: Thairath