Lisa Effect ကြောင့် အူဒွန်ဌာနီ ကြာနီအိုင်တွင် ခရီးသွားများ စံချိန်တင် စည်ကားလျက်ရှိ

အူဒွန်ဌာနီခရိုင်ရှိ “ပန်းရောင်ကြာနီအိုင်” (Sea of Pink Water Lilies) သည် “Amazing Thailand” သံတမန်အဖြစ် Lisa ရိုက်ကူးပေးထားသော ပိုစတာနှင့် ဗီဒီယိုများကြောင့် လူကြိုက်အလွန်များလာပြီး ခရီးသွားများမှာ လှေလက်မှတ်ရရှိရန် မနက် ၅ နာရီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေကြရသည်။

ခရီးသွားအများစုမှာ Lisa ဓာတ်ပုံရိုက်ကူးခဲ့သည့် ပုံစံအတိုင်း လှေငယ်များပေါ်တွင် ဓာတ်ပုံပြန်လည်ရိုက်ကူးရန် (Recreate) အတွက် လာရောက်ကြခြင်းဖြစ်သည်။ဒီဇင်ဘာလ ကြာပွင့်ရာသီ စတင်ကတည်းက ခရီးသွား ၅၀,၀၀၀ ခန့် လာရောက်ခဲ့ပြီး၊ Lisa ၏ ပရိုမိုးရှင်း ထွက်လာပြီးနောက်တွင် ကြားရက်များ၌ပင် ဧည့်သည်များပြားလာကာ တစ်နေ့လျှင် လှေအစီးရေ ၁၀၀ ကျော် ပြေးဆွဲနေရသည်။ လာရောက်သူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြပြီး Lisa အသုံးပြုခဲ့သည့် သစ်သားလှေပုံစံမျိုးကိုသာ အဓိက ငှားရမ်းလိုကြသည်။

ဧည့်သည်များ ရုတ်တရက် များပြားလာခြင်းကြောင့် ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်ပါတို့ကို ညွှန်ကြားထားသည် –

  • ဘေးကင်းလုံခြုံရေး: လှေများ၏ ကြံ့ခိုင်မှုနှင့် အသက်ကယ်ဝတ်စုံများကို သေချာစွာ စစ်ဆေးရန်။
  • ဈေးနှုန်းထိန်းချုပ်ခြင်း: ခရီးသွားများကို ဈေးပိုယူခြင်း မရှိစေရန်နှင့် ပွင့်လင်းမြင်သာသော ဈေးနှုန်းများဖြစ်စေရန်။
  • အကူအညီပေးခြင်း: ခရီးသွားရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားပြီး တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးရန်။

ကြာပွင့်များကို ကြည့်ရှုနိုင်မည့်အချိန်

ပထမအဆင့်: ဧက ၂၅,၀၀၀ ကျယ်ဝန်းသော နေရာတွင် ဖေဖော်ဝါရီလလယ် အထိ ကြာပွင့်များ အပြည့်အစုံ ပွင့်နေမည်ဖြစ်သည်။

ဒုတိယအဆင့်: ဧက ၅,၀၀၀ ကျယ်ဝန်းသော Koh Don Luang နေရာတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ် အထိ ဆက်လက်ပွင့်နေမည်ဖြစ်သဖြင့် ပူပြင်းသည့် ရာသီမရောက်မီအထိ သွားရောက်ကြည့်ရှုနိုင်ပါသည်။

Source: Bangkok Post