PM 2.5 နှင့် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အာရှတစ်လွှား ဆေးလိပ်မသောက်သော အမျိုးသမီးများအကြား အဆုတ်ကင်ဆာဖြစ်ပွားမှု မြင့်တက်လာ

ထိုင်းနိုင်ငံမှ ထိပ်တန်း ကင်ဆာအထူးကုဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ PM2.5 လေထုညစ်ညမ်းမှုနှင့် EGFR မျိုးဗီဇပြောင်းလဲမှုများသည် အထူးသဖြင့် အာရှတစ်လွှား ဆေးလိပ်မသောက်သော အမျိုးသမီးများအကြား အဆုတ်ကင်ဆာဖြစ်ပွားမှု မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်သည်ဟု သိရသည်။

ဖရာမွန်ကွတ်ကလောင် ဆေးရုံ(Phramongkutklao Hospital) မှ ဆေးကင်ဆာအထူးကု ဆရာဝန်ကြီး ဗိုလ်မှူးကြီး တွဲဖက်ပါမောက္ခ ဒေါက်တာနိုင်ယရတ် ပရာစောင်ဆွတ် (Col Assoc Prof Dr Naiyarat Prasongsook) က ကမ္ဘာတစ်ဝန်းတွင် အဆုတ်ကင်ဆာ ဝေဒနာရှင် ၂.၄၈ သန်းကျော်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုသူတို့အနက် အာရှတွင် ၆၃.၁% သို့မဟုတ် လူနာ ၁.၅၆ သန်းခန့်ဖြင့် အများဆုံးဖြစ်ပြီး ဥရောပတွင်မူ ကမ္ဘာ့စုစုပေါင်း၏ ၁၉.၅% သို့မဟုတ် ၄၈၄,၀၀၀ ခန့်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မကြာသေးမီနှစ်များအတွင်း အဆုတ်ကင်ဆာဖြစ်ပွားမှုမှာ များစွာမြင့်တက်လာပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြားတွင် ရောဂါအသစ်တွေ့ရှိရသူဦးရေသည် အာရှတွင် ၂၆၉.၄% နှင့် ဥရောပတွင် ၁၃၆.၉% အထိ တိုးလာခဲ့သည်။ ထို့အပြင် အဆုတ်ကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် ကင်ဆာနှင့်ဆက်စပ်သော သေဆုံးမှုများ၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပြီး နှစ်စဉ် သေဆုံးသူ ၁.၈ သန်းရှိကာ ငါးနှစ်အသက်ရှင်နှုန်းမှာ ၁၅–၂၀% သာရှိသည်။

ဒေါက်တာနိုင်ယရတ်(Dr Naiyarat)က ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး စုစုပေါင်းလူနာများ၏ ၆၂% ကို ဖြစ်စေသော်လည်း အခြားသော အန္တရာယ်ဖြစ်စေသည့်အချက်များလည်း ပိုမိုအရေးပါလာကြောင်း ပြောကြားခဲ့သည်။

ယခုအခါ လေထုညစ်ညမ်းမှုသည် ရောဂါဖြစ်ပွားမှု၏ ၁၅% ကို ဖြစ်စေပြီး၊ တစ်ဆင့်ခံဆေးလိပ်ငွေ့သည် ၅.၈%၊ အိမ်တွင်းလေထုညစ်ညမ်းမှုသည် ၄% နှင့် အလုပ်အကိုင်ကြောင့် ထိတွေ့မှုသည် ၄% အသီးသီးရှိနေသည်။

“အထူးသဖြင့် စိုးရိမ်စရာကောင်းတာကတော့ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အဆုတ်ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိရတဲ့ အရေအတွက် ပိုများလာတာပါပဲ။ အထူးသဖြင့် အာရှမှာပေါ့” ဟု ပြောကြားခဲ့ပါသည်။

EGFR (Epidermal Growth Factor Receptor) မျိုးဗီဇပြောင်းလဲမှုများသည် အာရှလူမျိုးများတွင် ပိုမိုအဖြစ်များပြီး၊ အဆုတ်ကင်ဆာလူနာများ၏ ၆၀% အထိ ထိုကဲ့သို့သော မူမမှန်မှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။

“ပိုဆိုးတာကတော့ လူနာအများစုဟာ ရောဂါလက္ခဏာတွေ ပြင်းထန်လာမှသာ ဆေးကုသမှု ခံယူဖို့ လာကြတာပါပဲ” ဟု ပြောကြားခဲ့ပါသည်။ အဆုတ်ကင်ဆာရဲ့ အစောပိုင်းအဆင့်တွေမှာတော့ မရပ်မနား ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ မောပန်းတာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့ သာမန်ရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် စတဲ့ အချက်တွေဖြစ်ပေါ်လာပြီဆို မပေါ့ဆဘဲ ဆေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

Source: Bangkok Post