ဆင်မတ်ပရာကန် (Samut Prakan)၊ ထိုင်း — ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းတွင် Bang Na-Trat လမ်းမကြီးပေါ်ရှိ လူကူးခန့်တံတားတစ်ခုကို မြေတင်ကား (Dump truck) က ဝင်တိုက်မိရာမှ တံတားပြိုကျကာ လမ်းပေါ်ရှိ မော်တော်ယာဉ်များပေါ်သို့ ပိမိခဲ့သဖြင့် လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၉:၁၅ နာရီခန့်တွင် Bang Na-Trat လမ်းမကြီး (Debaratna လမ်း) ကီလိုမီတာ ၃၄ အမှတ်အနီး၊ ဘန်ကောက်မြို့အဝင် လမ်းပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၁၈ ဘီးပါ မြေတင်ကားတစ်စီးသည် ၎င်း၏ အနောက်တွဲ (Carrier) ကို အပေါ်သို့ မတင်ထားလျက် မောင်းနှင်လာရာမှ လမ်းပေါ်ရှိ လူကူးခန့်တံတားကို အရှိန်ဖြင့် ရိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုရိုက်ခတ်မှုကြောင့် ကွန်ကရစ်တံတားကြီး ပြိုကျကာ မြေတင်ကားနှင့် ဘေးတွင် မောင်းနှင်လာသည့် ကြက်ဥတင်ပစ်ကပ်ကားပေါ်သို့ ပိကျခဲ့သည်။

ကြက်ဥတင်ဆောင်လာသည့် ပစ်ကပ်ကား၏ အသက် ၅၉ နှစ်အရွယ် ယာဉ်မောင်းသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့သည်။အသက် ၆၅ နှစ်အရွယ် မြေတင်ကားမောင်းသူမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကာ တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ပြိုကျနေသော တံတားအစိတ်အပိုင်းများကို ဖယ်ရှားရန် ကရိန်းကားကြီးနှစ်စီး အသုံးပြုခဲ့ရပြီး ယာဉ်ကြောများ ပြန်လည်ကောင်းမွန်လာစေရန် (၃) နာရီခန့် ကြာမြင့်ခဲ့သည်။
အဝေးပြေးလမ်းမကြီးဦးစီးဌာန ညွှန်ကြားရေးမှူး Piyapong ၏ ပြောကြားချက်အရ အဆိုပါတံတားသည် အပေါ်မှဖိသော ဝန်အလေးချိန် (Vertical load) ကိုသာ ခံနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး၊ ကားဖြင့် တိုက်မိသည့် ဘေးတိုက်ရိုက်ခတ်မှု (Lateral force) ကို မခံနိုင်ခြင်းကြောင့် ပြိုကျရခြင်းဖြစ်သည်ဟု ဆိုသည်။
တံတားတစ်ခုလုံးအား အသစ်ပြန်လည် တည်ဆောက်ရန် လိုအပ်ခြင်း ရှိ၊ မရှိကို အင်ဂျင်နီယာများက ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး၊ မူလတံတား၏ တည်ဆောက်မှုကုန်ကျစရိတ်မှာ ဘတ် ၁၀ သန်းခန့် ရှိကြောင်း သိရသည်။
Source: Bangkok Post
