ဘန်ကောက်၊ ထိုင်း — ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပြဿနာများစွာ ဖြစ်ပေါ်နေခြင်းကြောင့် ထိုင်းအဖွဲ့ခေါင်းဆောင် Thana Chaiprasit သည် အခြားပါဝင်နိုင်ငံ ၁၀ နိုင်ငံမှ အဖွဲ့ခေါင်းဆောင်များနှင့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၉ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံပြီး အရေးပေါ် ဖြေရှင်းရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ အားကစားသမားနှင့် တာဝန်ရှိသူ ၁၀,၀၀၀ ကျော် ရောက်ရှိနေသည့်အတွက် ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ တိုင်ကြားမှုများ အများအပြား လက်ခံရရှိခဲ့သည်ဟု Thana က ပြောကြားခဲ့သည်။
ရောက်ရှိလာသော အချို့နိုင်ငံအသင်းများသည် Suvarnabhumi လေဆိပ်တွင် ကားများကို ၅ နာရီမှ ၆ နာရီအထိ စောင့်ဆိုင်းခဲ့ရသောကြောင့် အလံတင်အခမ်းအနားတွင် ပါဝင်ရန် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။

အားကစားသမားများကို လေ့ကျင့်ရေးကွင်းများသို့ ပို့ဆောင်ပေးသည့် ဘတ်စ်ကား (Shuttle Bus) အရေအတွက်မှာ လိုအပ်ချက်ထက် နည်းနေသဖြင့် လေ့ကျင့်ရေးအစီအစဉ်များ နှောင့်နှေးခဲ့သည်။အိမ်ရှင်မှ ပေးအပ်သော “နေ့လယ်စာဘူး” ပုံစံ အစားအစာများကို ယခုအခါ ဘူဖေး (Buffet) စနစ်သို့ ပြောင်းလဲရန် အမိန့်ပေးခဲ့သည်။
မွတ်ဆလင်နိုင်ငံများ (ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောအရှေ့ပိုင်း) တို့က ဟိုတယ်များတွင် ၎င်းတို့ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရန် ၁၀၀% ကိုက်ညီသော ဟာလာလ် အစားအစာများ ကို တောင်းဆိုခဲ့သည်။အချို့နိုင်ငံများမှ အားကစားသမားများအတွက် တည်းခိုခန်း စီစဉ်ရာတွင် ဆက်သွယ်ရေး ပြဿနာများ ဖြစ်ပွားခဲ့သည်။
Thana က ပြဿနာအားလုံးကို ထိုင်းအားကစားအာဏာပိုင်အဖွဲ့ (SAT) မှ ဒုတိယအုပ်ချုပ်ရေးမှူးများထံ တိုက်ရိုက်အစီရင်ခံပြီး လျင်မြန်စွာ ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားသည်။ ဒီဇင်ဘာ ၉ ရက်နေ့ ဖွင့်ပွဲအခမ်းအနားအပြီးနှင့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆုတံဆိပ်ပေးပွဲများ စတင်ပြီးနောက်တွင် SAT မှ တာဝန်ရှိသူများကို အဓိကနေရာတိုင်းသို့ စေလွှတ်ကာ အသင်းများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ပြဿနာများကို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
Source: Nation Thailand
