US သမ္မတ ဒေါ်နယ်ထရမ့် (US President Donald Trump) က တရုတ်ကုန်ပစ္စည်းများအပေါ်ချမှတ်ထားသော အမြင့်ဆုံးအခွန်တင်မှု ရက် (၉၀)၊ နိုဝင်ဘာလအစောပိုင်းအထိ ရွေ့ဆိုင်း

US သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသော အမြင့်ဆုံးအကောက်ခွန်များကို နောက်ထပ် ရက် ၉၀၊ နိုဝင်ဘာလအစောပိုင်းအထိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သောကြောင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးဆက်ဆံရေးကို တည်ငြိမ်စေခဲ့သည်။

ထရမ့်သည် အင်္ဂါနေ့တွင် တိုးမြှင့်မည့် အကောက်ခွန်ကို ရွှေ့ဆိုင်းရန် နိုဝင်ဘာ ၁၀ ရက်အထိ အကျိုးသက်ရောက်မည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဤကဲ့သို့ အကောက်ခွန် လျှော့ချရေးသည် အမေရိကန်နှင့် တရုတ်တို့အပြန်အလှန် အကောက်ခွန်များ တိုးမြှင့်မှုကို လျှော့ချရန်နှင့် ရှားပါးမြေသတ္တုသံလိုက်များနှင့် နည်းပညာအချို့အပေါ် ပို့ကုန်ကန့်သတ်ချက်များကို လျှော့ချရန် သဘောတူခဲ့သည့်အချိန်မှစ၍ အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်က “သဘောတူညီချက်ရဲ့ အခြားအချက်အားလုံးကတော့ အတူတူပဲ ဖြစ်နေဦးမှာပါ” ဟု Truth Social ပို့စ်တွင် ပြောကြားခဲ့ပြီး အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒ သို့မဟုတ် သဘောတူညီချက်၏ စည်းကမ်းချက်များတွင် အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က တင်ခဲ့သော အချက်အလက်စာရွက်တွင် ရက်စွဲတိုးမြှင့်ခြင်းမှလွဲ၍ အခြားပြုပြင်ပြောင်းလဲမှုများကို အသေးစိတ်ဖော်ပြထားခြင်း မရှိခဲ့ပါ။

တရုတ်နိုင်ငံသည်လည်း အလားတူထုတ်ပြန်ချက်တွင် ၎င်းတို့၏ ရွှေ့ဆိုင်းမှုကို နောက်ထပ် ရက် ၉၀ ထပ်မံ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက ဆွီဒင်နိုင်ငံတွင် နှစ်ဖက်စလုံးမှ ဆွေးနွေးညှိနှိုင်းသူများသည် သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန် ကနဦးသဘောတူညီမှု ရခဲ့ကြသည်။ အကယ်၍ ရွှေ့ဆိုင်းမှုမရှိခဲ့ပါက တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အကောက်ခွန်သည် နယူးယောက်မြို့တော် စံတော်ချိန် သန်းခေါင်ယံနောက်ပိုင်းတွင် အနည်းဆုံး (၅၄%) အထိ ခုန်တက်သွားမည်ဖြစ်သည်။

အဆိုပါ ရွှေ့ဆိုင်းမှုသည် အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုကို ရပ်တန့်စေနိုင်သည့် အကောက်ခွန်စစ်ပွဲ အသစ်တစ်ရပ် ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများကို လျော့ပါးစေမည်ဖြစ်သည်။ ယခုနှစ်အစောပိုင်းက ဝါရှင်တန်နှင့် ပေကျင်းတို့အကြား တင်းမာမှုများ မြင့်တက်လာခြင်းက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များကို လှုပ်ခါခဲ့သည်။

ထို့ပြင် ထရမ့်က ပေကျင်းအပေါ် ချမှတ်ထားသည့် Fentanyl (ဖန်တနေးလ်) တရားမဝင်ရောင်းဝယ်မှုနှင့် သက်ဆိုင်သော အကောက်ခွန်များ၊ ပိတ်ဆို့အရေးယူထားသော ရုရှားနှင့် အီရန်ရေနံများကို တရုတ်က ဝယ်ယူမှုနှင့်ပတ်သက်၍ အမေရိကန်၏ စိုးရိမ်မှုများ၊ တရုတ်နိုင်ငံရှိ အမေရိကန်လုပ်ငန်းလည်ပတ်မှုများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကဲ့သို့ ဖြေရှင်းမရသေးသော အခြားပြဿနာများကို ဆွေးနွေးရန်အတွက်လည်း နိုင်ငံနှစ်ခုကို အချိန်ပိုပေးနိုင်မည်ဖြစ်သည်။

ယခုလက်မှတ်ရေးထိုးမှုသည် ထရမ့်အတွက် တရုတ်သို့ သွားရောက်ကာ သမ္မတ ရှီကျင့်ဖျင်(Xi Jinping) နှင့် အမေရိကန်ခေါင်းဆောင် တက်ရောက်ဖွယ်ရှိသည့် အောက်တိုဘာလနှောင်းပိုင်း တောင်ကိုရီးယားတွင် ကျင်းပမည့် နိုင်ငံတကာအစည်းအဝေးမှာ တွေ့ဆုံရန် လမ်းခင်းပေးနိုင်ဖွယ်ရှိပါသည်။

“အမေရိကန်ကတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဆက်ဆံရေးမှာ ကုန်သွယ်မှုမျှတမှုမရှိတာနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ရဲ့ အမျိုးသား စီးပွားရေးလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့အတွက် PRC (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) နဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ထရမ့်က အမိန့်တွင် ရေးသားခဲ့သည်။ “အဆိုပါဆွေးနွေးမှုတွေကတစ်ဆင့် PRC ကတော့ အပြန်အလှန်မမျှတတဲ့ ကုန်သွယ်ရေးအစီအစဉ်တွေကို ကုစားဖို့နဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတွေကို ဆက်လက်လှမ်းနေပါတယ်” ဟု  ဆက်လက်ရေးသားခဲ့သည်။

ထရမ့်သည် တနင်္လာနေ့အစောပိုင်းက သတင်းထောက်များကို ပြောကြားရာတွင် “ကျွန်တော်တို့ တရုတ်နဲ့ အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံနေပါတယ်” ဟု ပြောခဲ့သည်။

ထရမ့်သည် Nvidia ကို ၎င်း၏အဆင့်အမြင့်ဆုံး ဉာဏ်ရည်တုချစ်ပ်ကို လျှော့ချထားသော ဗားရှင်းတစ်ခုအား တရုတ်သို့ရောင်းချရန် သီးခြားခွင့်ပြုရန်အတွက် “ကျွန်တော် သဘောတူညီချက်တစ်ခု ရရှိနိုင်ပါတယ်” ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ နောက်ဆုံးရက်နီးကပ်လာသောအခါ ထရမ့်သည် တနင်္ဂနွေနေ့က ပေကျင်းကို အမေရိကန်ပဲပိစပ်ဝယ်ယူမှု လေးဆတိုးရန် တောင်းဆိုခဲ့ပြီး ၎င်းက အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုလိုငွေကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည်ဟု ပြောခဲ့သည်။

ထရမ့်၏ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng တို့ ဦးဆောင်သော ဇူလိုင်လက စတော့ဟုမ်းတွင် ကျင်းပခဲ့သည့် နှစ်ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဆွေးနွေးပွဲသည် သုံးလအတွင်း ဝါရှင်တန်နှင့် ပေကျင်းတို့အကြား တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သည်။

တရုတ်အရာရှိများနှင့် ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာတို့က စတော့ဟုမ်းဆွေးနွေးပွဲများနှင့်ပတ်သက်၍ စိတ်ကျေနပ်မှု ရှိကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်ဝန်ကြီးများကလည်း တိုးချဲ့ပေးမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သဘောတူညီချက်သည် ကြည်လင်ပြတ်သားခြင်းမရှိဘဲ ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ Bessent က သဘောတူညီချက်ကို တိုးချဲ့မလားဆိုသည့် ဆုံးဖြတ်ချက်သည် ထရမ့်အပေါ် မူတည်သည်ဟု ပြောခဲ့ကြောင်းသိရှိရပါသည်။