အာဖရိကတိုက်ရှိ နိုင်ငံအချို့တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ ပိုမိုဆိုးရွားလာနေသဖြင့် ကနေဒါနိုင်ငံ သည် ရောဂါဖြစ်ပွားရာ ဒေသများမှလာမည့် ခရီးသွားများအပေါ် ရက်ပေါင်း ၉၀ ကြာ ပြည်ဝင်ခွင့်ပိတ်ပင်သည့် ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်ဗျာ။
ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်အရ ယခုအစီအမံသည် နိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ် ဝင်ရောက်ကူးစက်ပြန့်ပွားမည့် ဘေးအန္တရာယ်ကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။အီဘိုလာရောဂါ အဓိကဖြစ်ပွားနေသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)၊ ယူဂန်းဒါး နှင့် တောင်ဆူဒန်နိုင်ငံ တို့မှ နေထိုင်သူများကို ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက် မှစတင်၍ ရက်ပေါင်း ၉၀ ကြာ ကနေဒါနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။
အဆိုပါရောဂါဖြစ်ပွားရာ ဒေသများသို့ မကြာသေးမီက သွားရောက်ခဲ့ဖူးသော်လည်း ရောဂါလက္ခဏာမပြသည့် ကနေဒါနိုင်ငံသားများ၊ အမြဲတမ်းနေထိုင်ခွင့်ရထားသူ (PR) များနှင့် အခြားနိုင်ငံခြားသားများသည် မေလ ၃၀ ရက်နေ့မှစ၍ ခရီးစဉ်အပြီး ၂၁ ရက်ကြာ မဖြစ်မနေ ကွာရန္တင်းဝင်ရမည်ဖြစ်သည်။ကနေဒါနိုင်ငံ၏ ယခုလုပ်ဆောင်ချက်သည် ပြီးခဲ့သည့်အပတ်က အမေရိကန်ပြည်ထောင်စုက အလားတူ ခရီးသွားလာခွင့် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်သည်လည်း အဆိုပါ ၃ နိုင်ငံမှလာမည့် အမေရိကန်နိုင်ငံသားမဟုတ်သူများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး၊ ဘဟားမားစ်နိုင်ငံသည်လည်း အဆိုပါနိုင်ငံများသို့ ရက် ၂၁ ရက်အတွင်း သွားရောက်ခဲ့သူများကို အနည်းဆုံး ရက် ၃၀ ကြာ ခရီးသွားလာခွင့် ကန့်သတ်ရန် ပြင်ဆင်နေသည်။
မေလ ၂၂ ရက်နေ့တွင် WHO က ကွန်ဂို (DRC) ၌ ဖြစ်ပွားနေသော Bundibugyo အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်မှုဖြစ်ပွားနိုင်ခြေ အန္တရာယ် “အလွန်မြင့်မား” (Very High) အဆင့်ရှိကြောင်း ကြေညာခဲ့ပြီး ယူဂန်းဒါးနိုင်ငံ၏ ကူးစက်မှုကိုလည်း နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည်။
Source;The Nation
