ထိုင်း-မြန်မာနယ်စပ် အုမ်းဖန်ဆေးရုံသို့ မြန်မာရွာသားများ အလှူငွေလှူဒါန်းမှု ထိုင်းလူမှုကွန်ရက်တွင် ချီးကျူးမှုများပြား

ထိုင်း-မြန်မာနယ်စပ်ရှိ အုမ်းဖန်ဆေးရုံ (Umphang Hospital) သို့ မြန်မာနိုင်ငံဘက်ခြမ်း ချူကရီ 

(Chukari) ကျေးရွာသားများက ထိုင်းဘတ်ငွေ ၁၄,၀၀၀ ကျပ် လာရောက်လှူဒါန်းခဲ့မှုအပေါ် ထိုင်းအင်တာနက်အသုံးပြုသူများအကြား စိတ်လှုပ်ရှားကြည်နူးရုံမက ကရုဏာသက်ကာ အထူးချီးကျူး စကားဆိုနေကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် (Tak Province)၊ အုမ်းဖန်ခရိုင်အတွင်းရှိ အုမ်းဖန်ဆေးရုံသည် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာလူနာများကို လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့နီးပါး စောင့်ရှောက်ကုသပေးလေ့ရှိသဖြင့် မြန်မာရွာသားများက ကျေးဇူးတင်သောအားဖြင့် ယခုကဲ့သို့ စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ဆေးရုံအာဏာပိုင်များက မေလ ၂၆ ရက်နေ့တွင် ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် မြန်မာရွာသားများ၏ အလှူငွေကို ကျေးဇူးတင်ရှိကြောင်းနှင့် ဤရန်ပုံငွေများကို လာရောက်ကုသသူများအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

ထိုင်းအင်တာနက်အသုံးပြုသူ အများအပြားက အိမ်နီးနားချင်း မြန်မာပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းများကြားမှ ယခုကဲ့သို့ လှူဒါန်းနိုင်ခြင်းအပေါ် လေးစားမိကြောင်း ပြောဆိုကြပြီး မြန်မာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း ဆုမွန်ကောင်းများ အပြန်အလှန် တောင်းဆုပြုခဲ့ကြသည်။

အုမ်းဖန်ဆေးရုံသည် မြန်မာနိုင်ငံဘက်မှ ဆေးကုသရန် လာရောက်သူ အလွန်များပြားသည့်အတွက် နှစ်စဉ် ဆေးဝါးနှင့် ရန်ပုံငွေ လိုအပ်ချက်များပြားလေ့ရှိသော နယ်စပ်အခြေစိုက် ပြည်သူ့ဆေးရုံတစ်ခု ဖြစ်သည်။

Source;Khaosod