ကျူးဘားတွင် လောင်စာဆီပြတ်လပ်၍ လျှပ်စစ်ကွန်ရက် ပြိုလဲလုနီးပါးဖြစ်နေ

ကျူးဘား စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Vicente de la O Levy ၏ ပြောကြားချက်အရ နိုင်ငံအတွင်း ဒီဇယ်နှင့် လောင်စာဆီ အရန်သင့်စုဆောင်းထားမှုများ လုံးဝမရှိတော့ဘဲ၊ လက်ရှိတွင် ပြည်တွင်းဖြစ် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ဖြင့်သာ ရုန်းကန်လည်ပတ်နေရပါတယ်။

ဟာဗားနားမြို့၏ ရပ်ကွက်အများစုတွင် တစ်နေ့လျှင် ၂၀ နာရီမှ ၂၂ နာရီအထိ မီးပြတ်နေသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ရေခဲသေတ္တာအသုံးပြုမှုများ အကြီးအကျယ် ထိခိုက်နေပါတယ်။ မေလ ၁၃ ရက် ညနေပိုင်းတွင် လျှပ်စစ်မီးပြန်ရရှိရေးအတွက် ရာပေါင်းများစွာသော ဒေသခံများ လမ်းပေါ်ထွက်ကာ အိုးခွက်များတီး၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြည့်နေသော်လည်း တိုက်ရိုက်နှိမ်နင်းမှုမျိုး မရှိသေးကြောင်း သိရပါတယ်။ 

ကျူးဘားအစိုးရက ယခုကဲ့သို့ လောင်စာဆီပြတ်လပ်ရခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လောင်စာဆီပိတ်ဆို့မှု (Fuel Embargo) ကြောင့်ဖြစ်ကြောင်း စွပ်စွဲထားပါတယ်။ အမေရိကန်က ကျူးဘားသို့ ရေနံပို့ဆောင်ပေးသည့် နိုင်ငံများကို အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ထားသဖြင့် မက္ကဆီကိုနှင့် ဗင်နီဇွဲလားနိုင်ငံတို့က ရေနံပို့ဆောင်မှု ရပ်ဆိုင်းထားပါတယ်။

နောက်ခံအကြောင်းရင်းနှင့် နိုင်ငံတကာတုံ့ပြန်မှုများ-၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထရန့်အစိုးရက ကျူးဘားနိုင်ငံကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ပိတ်ဆို့မှုများ တိုးမြှင့်ခဲ့ပါတယ်။ ဒါအပြင်ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများက အမေရိကန်၏ လောင်စာဆီပိတ်ဆို့မှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ဦးတည်နေကြောင်း သတိပေးထားပါတယ်။အမေရိကန်က လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ သန်း ၁၀၀ ပေးရန် ကမ်းလှမ်းထားသော်လည်း ကျူးဘားအစိုးရက ယင်းကမ်းလှမ်းမှုမှာ နိုင်ငံရေးအရ ဖိအားပေးရန်အတွက်သာဖြစ်သည်ဟု ဆိုကာ ငြင်းဆိုထားပါတယ်။

Source;The Nation