ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) သည် နိုင်ငံတကာ ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု ငွေလိမ်ဂိုဏ်း (Scams) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို တရားမဝင် ခရစ်ပတိုမိုင်းနင်း (Crypto Mining) လုပ်ငန်းများမှတစ်ဆင့် ငွေခဝါချပေးခဲ့သူ တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝမ်ရိချန်း (Wang Yicheng) ကို ဖမ်းဝရမ်းထုတ်ကာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ လိုက်လံရှာဖွေနေပါတယ်။
ဝမ်ရိချန်းသည် ၂၀၂၃ ခုနှစ်ကတည်းက ရိုက်တာသတင်းဌာန၏ စုံစမ်းထောက်လှမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်း၏အမည်ဖြင့် ဖွင့်လှစ်ထားသော Crypto Wallet အကောင့်တစ်ခုအတွင်းသို့ အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော လိမ်လည်ရရှိသည့် ငွေကြေးများ စီးဝင်ခဲ့ကြောင်း အမေရိကန် Blockchain ခွဲခြမ်းစိပ်ဖြာရေးအဖွဲ့က ဖော်ထုတ်ခဲ့သည်။
၎င်း၏အကောင့်ထဲသို့ စီးဝင်လာသည့် ငွေကြေးအချို့သည် မြန်မာနိုင်ငံ၊ မြဝတီမြို့အနီးရှိ နာမည်ကျော် ရာဇဝတ်မှုဗဟိုချက်ဖြစ်သော ကေကေပတ်ခ် (KK Park) စခန်းတွင် အခြေစိုက်သည့် “Pig-butchering” (အချစ်ဇာတ်လမ်းဆင်ကာ ငွေလိမ်ခြင်း) ဂိုဏ်းများထံမှ လာခြင်းဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ကယ်လီဖိုးနီးယားမှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏တစ်သက်တာစုဆောင်းငွေ ဒေါ်လာ ၂.၇ သန်းကို ဤဂိုဏ်းထံ လိမ်လည်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လက အမေရိကန်တရားရေးဌာနသည် မက်ဆာချူးဆက်ပြည်နယ်မှ လူနာတစ်ဦးထံမှ လိမ်လည်ထားသော ဒေါ်လာ ၅၀၀,၀၀၀ ခန့် တန်ဖိုးရှိ ခရစ်ပတိုများကို ဝမ်ရိချန်းအမည်ရှိ အကောင့်ထဲ၌ ခြေရာခံမိသဖြင့် သိမ်းဆည်းခဲ့ဖူးသည်။
DSI ၏ ပြောရေးဆိုခွင့်ရှိသူ Pol Maj Woranan Srilam ၏ ပြောကြားချက်အရ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ခရစ်ပတိုမိုင်းနင်းစက်များ ထောင်ကာ လျှပ်စစ်မီးကို ခိုးယူသုံးစွဲနေသည့် ကွန်ရက်တစ်ခုကို စုံစမ်းစစ်ဆေးရာမှ ဤအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ရက်သည် ထိုင်းဘတ်ငွေ ၉၅၀ မီလီယံ (အမေရိကန်ဒေါ်လာ ၂၈ သန်း) ခန့်တန်ဖိုးရှိ လျှပ်စစ်မီးကို တရားမဝင် ခိုးယူသုံးစွဲခဲ့ပြီး ၎င်းသည် ထိုင်းနိုင်ငံသမိုင်းတွင် အကြီးမားဆုံး လျှပ်စစ်မီးခိုးမှုများထဲမှ တစ်ခုဖြစ်သည်။ လက်ရှိတွင် DSI အနေဖြင့် ဝမ်ရိချန်းအပြင် အမည်မဖော်လိုသေးသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦး တို့ကိုပါ ပူးတွဲဖမ်းဝရမ်း ထုတ်ထားသည်။
ဝမ်ရိချန်းသည် ယခင်က ထိုင်း-တရုတ် စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုအသင်း (Thai-Asia Economic Exchange Trade Association) ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၎င်းရာထူးကို အသုံးချကာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးသမားများနှင့် ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးများထံ ချဉ်းကပ်ကာ အဆက်အသွယ်ကောင်းများ တည်ဆောက်ထားခဲ့သည်။ အဆိုပါ ရိုက်တာသတင်းစာ ထွက်ပေါ်လာပြီးနောက်တွင်မူ ၎င်းအား အသင်းဘုတ်အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း အသင်းဘက်က ရှင်းလင်းထားပါတယ်။
Source;BangkokPost
#Mingalarnews #ThailandCryptoFugitive2026 #WangYicheng #DSIThailand #Thainews
