ထိုင်းနိုင်ငံ၊ ဟွေခွမ်ရှိ တရုတ်ဆိုင်တစ်ဆိုင် ဘတ်ငွေငြင်းဆန်ပြီး ယွမ်ငွေသာလက်ခံ၍ စစ်ဆေးမှုများ တင်းကျပ်လာ

ဘန်ကောက် ဟွေခွမ် (Huai Khwang) ရှိ တရုတ်ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် စားသောက်ပြီးနောက် ထိုင်းဘတ်ငွေ သို့မဟုတ် ထိုင်းဘဏ် QR စနစ်ဖြင့် ပေးချေမှုကို ငြင်းဆန်ကာ တရုတ်ယွမ်ငွေ (Yuan) ဖြင့်သာ အတင်းအကြပ် ပေးချေခိုင်းသည့် ဗီဒီယို TikTok ပေါ်တွင် ပျံ့နှံ့သွားခဲ့ရာမှ ထိုင်းအာဏာပိုင်များ ချက်ချင်း ဝင်ရောက်စစ်ဆေးနေပြီ ဖြစ်ပါတယ်။

တရုတ် TikTok အသုံးပြုသူတစ်ဦးက အဆိုပါဆိုင်၌ စားသောက်အပြီး ငွေရှင်းရာတွင် ဆိုင်ဘက်က ထိုင်းဘဏ်စနစ်မရှိဟုဆိုကာ ငြင်းဆန်ခဲ့သည်။ ယွမ်ငွေဖြင့် လွှဲခိုင်းပြီးနောက် ငွေလဲနှုန်းအကြောင်းပြကာ ကျသင့်ငွေထက် ၅၀ ဘတ် ပိုမိုဖြတ်တောက်ခဲ့သဖြင့် “ထိုင်းမှာဖွင့်ပြီး ဘတ်ငွေငြင်းပယ်လို့ရသလား” ဟု မကျေမနပ် ဗီဒီယိုတင်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်စဉ်သည် ထိုင်းနိုင်ငံ၏ ငွေကြေးအချုပ်အခြာအာဏာကို ထိခိုက်စေပြီး နိုင်ငံခြားငွေလဲလှယ်မှုဥပဒေ၊ အခွန်ရှောင်မှု၊ နှင့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဥပဒေ (တရားမဝင် အမည်ခံသုံးစွဲမှု) စသည့် ဥပဒေ ၅ ခုထက်မနည်း ငြိစွန်းနေသည်။ ခရီးသွားအသင်း (ATTA) က အစိုးရအား ဟွေခွမ်ဒေသရှိ ပြည်ပလုပ်ငန်းများကို စနစ်တကျ ဝင်ရောက်စစ်ဆေးရန်နှင့် ထိုင်း FDA ထောက်ခံချက်မပါသည့် တရားမဝင် တင်သွင်းကုန်များကိုပါ တင်းကျပ်စွာ နှိမ်နင်းရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်သွယ်မှုပြုလုပ်ရာတွင် ထိုင်းဘဏ်အကောင့်များနှင့် PromptPay စနစ်ကိုသာ အဓိကအသုံးပြုရပါမည်။ ထိုင်းဘတ်ငွေကို ငြင်းဆန်ခြင်း သို့မဟုတ် ပြည်ပအကောင့်များသို့သာ တိုက်ရိုက်လွှဲခိုင်းခြင်းများသည် ဥပဒေအရ ဆိုင်ပိတ်သိမ်းခံရသည်အထိ ပြစ်ဒဏ်ကြီးမားကြောင်း သတိပြုသင့်ပါတယ်။

Source;The Nation