ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်တက္ကသိုလ်ကျောင်းသူတစ်ဦးအား တရားမဝင် Call Center ဂိုဏ်းက စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်ကာ ၎င်းကိုယ်တိုင် ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခိုင်းပြီး မိသားစုထံမှ ဟောင်ကောင်ဒေါ်လာ ၃ သန်း (ထိုင်းဘတ် ၁၂.၅ သန်းခန့်) ငွေညှစ်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တစ်ခုကို ထိုင်းအလယ်ပိုင်း စုံစမ်းစစ်ဆေးရေးဗျူဟာ (CIB) က ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အချိန်မီ ကယ်တင်နိုင်ခဲ့ပါတယ်။
ကနဦးတွင် ပညာရေးအေဂျင်စီအယောင်ဆောင်ထားသည့် လိမ်လည်သူများက ကျောင်းသူ Wang ၏ ဖခင်ဖြစ်သူအား နိုင်ငံရပ်ခြား ပညာတော်သင်သွားရန် ဘဏ္ဍာရေးအခြေအနေ ပြသရမည်ဟုဆိုကာ သမီးဖြစ်သူ၏ ဘဏ်အကောင့်ထဲသို့ ဟောင်ကောင်ဒေါ်လာ ၁.၄ သန်း (ဘတ် ၅.၈ သန်းခန့်) ကြိုတင်လွှဲခိုင်းခဲ့သည်။ ထို့နောက် Wang သည် မေလ ၃၁ ရက်တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။
Wang ထိုင်းသို့ ရောက်ရှိလာချိန်တွင် လိမ်လည်သည့်ဂိုဏ်းက ၎င်းအား အစိုးရအရာရှိများအယောင်ဆောင်၍ ရာဇဝတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေသည်ဟု စိစစ်ခြောက်လှန့်ကာ ဖိအားပေးခဲ့သည်။ ထို့နောက် သူမအား ဘန်ကောက်မြို့ လတ်ကရဗန်း (Lat Krabang) ရှိ ဟိုတယ်တစ်ခုသို့ သွားရောက်ခိုင်းပြီး ကြိုး၊ ဓား၊ ခန္ဓာကိုယ်ခြယ်ဆေးနှင့် နှုတ်ခမ်းနီအနီရောင် များ ဝယ်ယူစေကာ ဒဏ်ရာရရှိ၍ ပြန်ပေးဆွဲခံထားရသည့် ပုံစံမျိုး ဗီဒီယိုနှင့် ဓာတ်ပုံများ ကိုယ်တိုင်ရိုက်ကူး၍ ပေးပို့ရန် စိတ်ပိုင်းဆိုင်ရာ စီမံခြယ်လှယ် (Psychological manipulation) ခဲ့ကြသည်။
၎င်းနောက် လိမ်လည်သည့်ဂိုဏ်းသည် အဆိုပါပုံစံတူ ဗီဒီယိုများကို အသုံးပြု၍ ကျောင်းသူလေး၏ မိသားစုထံ WeChat မှတစ်ဆင့် ဆက်သွယ်ကာ ဟောင်ကောင်ဒေါ်လာ ၃ သန်း ပေးလျော်ရန် ခြိမ်းခြောက် တောင်းခံခဲ့သည်။ ဖခင်ဖြစ်သူက ဟောင်ကောင်ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံရာမှတစ်ဆင့် ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် လေဆိပ်နှင့် ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် သမီးဖြစ်သူ ဘဏ်အကောင့်ထဲသို့ လွှဲထားသည့်ငွေများမှာ လွှဲပြောင်းခြင်းခံလိုက်ရပြီဖြစ်ကြောင်းနှင့် သူမသည် စမုပရာကန်ခရိုင် (Samut Prakan)၊ ဘန်ဖလီ (Bang Phli) ရှိ အခြားဟိုတယ်တစ်ခုတွင် လိမ်လည်သူများပေးသော နိုင်ငံကူးလက်မှတ်အတုဖြင့် တစ်ဦးတည်း တည်းခိုနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
Source;Thaiger
