နိုင်ငံ ၅၀ မှ ခရီးသွားများအတွက် ဒေါ်လာ ၂ သောင်း ဗီဇာအာမခံကြေး အမေရိကန် အမြဲတမ်း ကျင့်သုံးမည်

ဝါရှင်တန်၊ ဩဂုတ် ၂ (၂၀၂၆) – အမေရိကန် အစိုးရသည် သတ်မှတ်ထားသော နိုင်ငံ ၅၀ မှ စီးပွားရေး (B-1) နှင့် အလည်အပတ် (B-2) ဗီဇာ လျှောက်ထားသူများအား အာမခံကြေး ဒေါ်လာ ၂၀,၀၀၀ အထိ ပေးဆောင်စေမည့် Visa Bond အစီအစဉ်ကို အမြဲတမ်း ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ စည်းမျဉ်းသစ်သည် ဩဂုတ်လ ၃ ရက်နေ့ မှစ၍ စတင် အသက်ဝင်မည်ဖြစ်သည်။
ကောင်စစ်ဝန်များက လျှောက်ထားသူ၏ အခြေအနေအပေါ် မူတည်၍ အာမခံကြေး ပမာဏကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ၊ ၁၅,၀၀၀ သို့မဟုတ် ၂၀,၀၀၀ ဟူ၍ သတ်မှတ်တောင်းခံသွားမည်ဖြစ်သည်။ (ယခင် စမ်းသပ်ကာလက ဒေါ်လာ ၅,၀၀၀ သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး အမြင့်ဆုံး ပမာဏကို ဒေါ်လာ ၂၀,၀၀၀ အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်)။
ဗီဇာ သက်တမ်းကုန်လွန်သည်အထိ အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဆက်လက် နေထိုင်မှုများကို လျှော့ချရန်နှင့် သတ်မှတ်ရက်အတိုင်း နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် အာဖရိကတိုက်မှ နိုင်ငံ ၃၀ အပါအဝင် စုစုပေါင်း နိုင်ငံ ၅၀ ပါဝင်သည်။ ပါဝင်သည့် နိုင်ငံများမှာ –
အယ်လ်ဂျီးရီးယား၊ အန်ဂိုလာ၊ အန်တီဂွာနှင့် ဘာဘူဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ ဘူတန်၊ ဘော့ဆွာနာ၊ ဘူရွန်ဒီ၊ ကိတ်ဗာဒီ၊ ကမ္ဘောဒီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကို့ဒီဗွာ၊ ကျူးဘား၊ ဂျီဘူတီ၊ ဒိုမီနီကာ၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂျော်ဂျီယာ၊ ဂရီးနေဒါ၊ ဂီနီ၊ ဂီနီ-ဘစ်ဆော၊ ကာဂျစ်စတာနီ၊ လီဆိုသို၊ မာလာဝီ၊ မော်ရီတေးနီးယား၊ မောရစ်ရှ်၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ နီပေါ၊ နီကာရာဂွါ၊ နိုက်ဂျီးရီးယား၊ ပါပူအာနယူးဂီနီ၊ ဆာအိုတိုမေနှင့် ပရင်စီပီ၊ ဆီနီဂေါ၊ ဆေးရှဲလ်၊ တာဂျစ်ကစ်စတန်၊ တန်ဇန်းနီးယား၊ တိုဂို၊ တုံဂါ၊ တူနီးရှား၊ တာ့ခ်မင်နစ္စတန်၊ တူဗာလူ၊ ယူဂန်ဒါ၊ ဗာနူအာတူ၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေ တို့ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဌာန၊ လုံခြုံရေးဌာနနှင့် ဘဏ္ဍာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါ စမ်းသပ်ချက်အရ အာမခံကြေး ကောက်ခံခြင်းသည် ဗီဇာစည်းကမ်း လိုက်နာမှုကို မြှင့်တင်ရာတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယခုကဲ့သို့ အမြဲတမ်း စည်းမျဉ်းအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

Source;The Nation