ပတ္တယားရှိ အဆင့်မြင့် စတေးခ်ဆိုင်ကို ဝင်ရောက်စီးနင်း၊ တရားမဝင် ပွဲစားမပါ အလုပ်လုပ်သည့် မြန်မာ ၆ ဦးနှင့် စလိုဗားကီးယား မန်နေဂျာတို့ကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ မြောက်ပိုင်းပတ္တယားရှိ ဒော့ဖင်အဝိုင်း (Dolphin Roundabout) အနီးတွင် တရားဝင် လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် အာဂျင်တီးနား အဆင့်မြင့် စတေးခ်ဆိုင် (El Gaucho Argentinian Steakhouse) ကို တာဝန်ရှိသူများက စက်တင်ဘာ ၄ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ ပါမစ်ပါ အလုပ်အကိုင်မဟုတ်ဘဲ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၆ ဦး နှင့် စလိုဗားကီးယားနိုင်ငံသား မန်နေဂျာတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။

အဆိုပါ အဆင့်မြင့် စတေးခ်ဆိုင်အတွင်း စစ်ဆေးစဉ် မြန်မာနိုင်ငံသား ၆ ဦးအနက် ၄ ဦးမှာ မီးဖိုချောင်တွင် စားဖိုမှူး (Chef) အဖြစ် လည်းကောင်း၊ ၂ ဦးမှာ ဘာတန်ဒါ (Bartender) အဖြစ် လည်းကောင်း လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့၏ စာရွက်စာတမ်းများကို စစ်ဆေးရာတွင် ရိုးရိုး အထွေထွေ ကူလီအလုပ်သမား (Manual Labour) အဖြစ်သာ ပါမစ်လျှောက်ထားထားသူများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့် သတ်မှတ်ထားသည့် သို့မဟုတ် ပါမစ်ပါ မူလအလုပ်အကိုင်မဟုတ်ဘဲ ကျွမ်းကျင်စားဖိုမှူးနှင့် ဘာတန်ဒါအဖြစ် ခိုင်းစေခြင်းသည် ထိုင်းအလုပ်သမားဥပဒေကို ပြင်းထန်စွာ ဖောက်ဖျက်ခြင်းဖြစ်သည်။

အသက် ၄၀ အရွယ် စလိုဗားကီးယားနိုင်ငံသား မန်နေဂျာ မစ္စတာ တိုမတ်စ် (Tomas) က လိုင်စင်လျှောက်ထားဆဲဟု ငြင်းဆန်သော်လည်း စိစစ်ချက်အရ စားသောက်ဆိုင်နှင့် အစားအသောက် သိုလှောင်ခွင့် တရားဝင် လိုင်စင် လုံးဝမရှိကြောင်း တွေ့ရှိရသည်။ (လိုင်စင်မဲ့ စားသောက်ဆိုင်ဖွင့်လှစ်မှုသည် ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ အထိ ကျခံရနိုင်သည်)။

မီးဖိုချောင်အတွင်း အမှိုက်ပုံးများ လျှံကျနေခြင်း၊ အဆိပ်ရှိသော သန့်ရှင်းရေး ဓာတုပစ္စည်းများကို အစားအသောက် ပြင်ဆင်သည့်နေရာအနီးတွင် သိုလှောင်ထားခြင်း စသည့် စံချိန်မမှီမှုများကိုပါ တွေ့ရှိခဲ့ရသဖြင့် အစားအသောက် နမူနာများကို ဓာတ်ခွဲစခန်းသို့ ပို့ဆောင်စစ်ဆေးထားသည်။

လက်ရှိတွင် စလိုဗားကီးယား မန်နေဂျာနှင့် မြန်မာလုပ်သား ၆ ဦးတို့အား ပတ္တယားမြို့မရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်လျက်ရှိသည်။

Source;The Nation