ထိုင်းနိုင်ငံ၏ နာမည်ကြီး ခရီးသွားမြို့ဖြစ်သော ပတ္တရား (Pattaya) ကမ်းခြေတွင် ဆိုရှယ်မီဒီယာပေါ်မှ အငြင်းပွားမှုတစ်ခုကြောင့် ပါကစ္စတန်အမျိုးသား ၂၀ ခန့် ပါဝင်သည့် လူအုပ်စုကြီး အချင်းချင်း အုပ်စုဖွဲ့ အကြမ်းဖက်ရိုက်နှက်မှုတစ်ခု ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်) မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အနီးနားရှိ ခရီးသွားများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရပါတယ်။
ဇွန်လ ၅ ရက် မနက် ၁:၀၆ နာရီခန့်တွင် ပတ္တရားရဲစခန်းနှင့် မလှမ်းမကမ်းရှိ ကမ်းခြေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မျက်မြင်သက်သေ ခရီးသွားများ၏ ဗီဒီယိုမှတ်တမ်းများအရ ကမ်းခြေတွင် စုပြုံနေသည့် ပါကစ္စတန်အမျိုးသားတစ်စုသည် အခြေအတင် စကားများရန်ဖြစ်ရာမှ လက်သီးများ၊ မာကျောသော တုံးသောအရာဝတ္ထုများ (လက်သီးကွင်းဟု ယူဆရ) နှင့် ချွန်ထက်သော လက်နက်များကို အသုံးပြုကာ အချင်းချင်း ရိုက်နှက်ခဲ့ကြသဖြင့် ကမ်းခြေရှိ ခရီးသွားများ ကြောက်လန့်တကြား ပြေးလွှားခဲ့ရသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိကာ ရန်ပွဲကို လူစုခွဲခဲ့သည်။ ဖြစ်စဉ်ကြောင့် ပါကစ္စတန်အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခေါင်းတွင် မာကျောသောအရာဖြင့် အထုခံရသည့် ဒဏ်ရာနှင့် အခြားတစ်ဦးမှာ လက်တွင် ဓားရှပ်ထိဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရသည်။
ဒဏ်ရာရသူတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့သည် လူမှုကွန်ရက် (Social Media Application) ပေါ်တွင် အပြန်အလှန် စော်ကားဆဲဆို စိန်ခေါ်ရာမှ ကိစ္စရှင်းရန် ပတ္တရားကမ်းခြေတွင် ချိန်းဆိုခဲ့ကြပြီးနောက် ထိန်းမနိုင်သိမ်းမရ ရန်ပွဲကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်သူအားလုံး၏ အချက်အလက်များနှင့် ၎င်းတို့သည် ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများလား သို့မဟုတ် ရေရှည်နေထိုင်သူ (Long-stay residents) များလားဆိုသည်ကို သေချာစွာ စိစစ်နေသည်။ ဆိုရှယ်မီဒီယာပေါ်က အငြင်းပွားမှုဇစ်မြစ်ကို ဆက်လက်စုံစမ်းနေပြီး လတ်တလောတွင် ဖမ်းဆီးအရေးယူထားခြင်း မရှိသေးသော်လည်း တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ပြင်ဆင်နေသည်။
Source;The Pattaya News
