ပတ္တရားရွှေဆိုင်ကို ဓားပြတိုက်ပြီး ကိုယ်ပိုင်မှတ်ပုံတင်ကျန်ခဲ့သည့် သူခိုး ဖမ်းဆီးရမိ

ပတ္တရားမြောက်ပိုင်းရှိ ကုန်တိုက်တစ်ခုအတွင်းရှိ ရွှေဆိုင်တွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက ဘတ် ၁၃၀,၀၀၀ ကျော်တန် ရွှေဆွဲကြိုးကို လုယူထွက်ပြေးခဲ့သော်လည်း အခင်းဖြစ်ပွားရာနေရာ၌ ၎င်း၏ မှတ်ပုံတင် အမှတ်မထင် ကျန်ရစ်ခဲ့သဖြင့် အသက် ၃၄ နှစ်အရွယ်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် အလွယ်တကူ ဖမ်းဆီးရမိခဲ့ပါတယ်။
အနက်ရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသည့် တရားခံသည် ရွှေဆွဲကြိုးကို ဆင်မြန်းကြည့်ချင်သည်ဟုဆိုကာ တောင်းယူပြီးနောက် ဝန်ထမ်းများကို “ငြိမ်ငြိမ်နေကြ၊ ငါ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး၊ လောင်းကစားကြွေးတွေဆပ်ဖို့ ပိုက်ဆံလိုလို့” ဟု ခြိမ်းခြောက်ကာ လုယူထွက်ပြေးခဲ့သည်။ သို့သော် ဆိုင်ထဲမှအထွက်တွင် ၎င်း၏မှတ်ပုံတင်ကတ်ပြား ကျန်ရစ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က CCTV နှင့် တိုက်ဆိုင်ကာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် ကွင်းဆက်များကို ခြေရာခံကာ ပတ္တရားအရှေ့ပိုင်းရှိ ၎င်းငှားရမ်းနေထိုင်သည့် အခန်းတွင် ဖမ်းဆီးခဲ့ပြီး၊ တရားခံက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။
၎င်းသည် လုယူလာသည့် ရွှေဆွဲကြိုးကို အခြားရွှေဆိုင်တစ်ဆိုင်တွင် ၁၁၇,၀၀၀ ဘတ် ဖြင့် ချက်ချင်းရောင်းချကာ ကြွေးမြီများ ဆပ်ခဲ့ကြောင်း ထွက်ဆိုသည်။
၎င်း၏ညီမဖြစ်သူမှုခင်းအတွက် လျော်ကြေးကူညီပေးခဲ့ရ၍ ငွေကြေးကျပ်တည်းလာပြီးနောက်၊ ပြင်ပတိုးပွားစနစ်ဖြင့် ငွေချေးကာ ကမ္ဘာ့ဖလား (World Cup) ဘောလုံးပွဲများကို အွန်လိုင်းမှ လောင်းကစားပြုလုပ်ခဲ့ရာ ထပ်မံရှုံးနိမ့်ပြီး ကြွေးမြီများ ပိလာသောကြောင့် ယခုကဲ့သို့ ရွှေဆိုင်ကို ဓားပြတိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၆ (လုယက်မှု) ဖြင့် တရားစွဲဆိုထားပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

Source;Thaiger