ထိုင်းနိုင်ငံရှိ အဓိက ကုန်ပစ္စည်း ပို့ဆောင်ရေး ပလပ်ဖောင်းကြီး (Delivery Platforms) ၂ ခုသည် ကော်မရှင်ခ (GP Fee) တွက်ချက်ပုံနှင့် တိုးမြှင့်ရသည့် အကြောင်းအရင်းများအား ရှင်းလင်းတင်ပြရန် လိုအပ်သည့် မူဝါဒအပေါ် ထိုင်း ကုန်သွယ်မှု ပြိုင်ဆိုင်မှု ကော်မရှင် (TCCT) အား တရားဥပဒေ ပိုင်နက်ကျော်လွန် ဆောင်ရွက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုဝင်ဘာ ၂ ရက်နေ့က သတင်းရရှိပါတယ်။
TCCT မှ အတည်ပြုထားသည့် နည်းဥပဒေ မူကြမ်းအရ နှစ်စဉ် ရောင်းရငွေ ဘတ်သန်း ၅၀၀ ထက်မနည်းရှိသော ပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေး ပလပ်ဖောင်းများသည် စိစစ်ခ ကော်မရှင်ခများ (GP Fees) ကို မည်သို့ တွက်ချက်သည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရမည် ဖြစ်သည်။ ထို့အပြင် ရာခိုင်နှုန်း တိုးမြှင့်ပါကလည်း ခိုင်လုံသော အကြောင်းပြချက်နှင့် သက်သေခံ အချက်အလက်များ တင်ပြရမည် ဖြစ်သည်။
ယခု မူကြမ်းကို အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ အများပြည်သူ သဘောထား တောင်းခံလျက်ရှိပြီး၊ ဒီဇင်ဘာလတွင် စတင် အသက်ဝင်စေရန် TCCT က မျှော်မှန်းထားသည်။
TCCT အနေဖြင့် ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း မဟုတ်ပါဟု ဆိုသော်လည်း အဆိုပါ ကုမ္ပဏီ ၂ ခုက TCCT ၏ တောင်းဆိုချက်များသည် ထိုင်းနိုင်ငံ၏ ၂၀၁၇ ကုန်သွယ်မှု ပြိုင်ဆိုင်မှု အက်ဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျော်လွန်နေကြောင်း စွပ်စွဲ ထုချေထားသည်။
NIDA တက္ကသိုလ်မှ ဥပဒေကထိက Thitat Chavisschinda အပါအဝင် နည်းပညာနှင့် ဥပဒေဆိုင်ရာ ပညာရှင်များကလည်း ကော်မရှင်ခ မြင့်မားသွားရုံမျှဖြင့် စေျးကွက်ပြိုင်ဆိုင်မှု ဥပဒေကို ချိုးဖောက်သည်ဟု တိုက်ရိုက် သတ်မှတ်၍ မရနိုင်ကြောင်း ထောက်ပြထားပါတယ်။
Source;Thaiger
