ဖိလစ်ပိုင်ရှိ ပုဂ္ဂလိကကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား ၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇမ်ဘိုအန်ဂါ (Zamboanga) မြို့ရှိ Ateneo de Zamboanga အထက်တန်းကျောင်းဝင်းအတွင်း အင်္ဂါနေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ ပစ်ခတ်သူဟု သံသယရှိသူ ကျောင်းသား အပါအဝင် ကျောင်းသား နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

မြို့တော်ဝန် Khymer Olaso က ပစ်ခတ်သူနှင့် သေဆုံးသူ နှစ်ဦးစလုံးသည် အဆိုပါ ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်ကြကြောင်း အတည်ပြုခဲ့သည်။

မြို့နယ် ရဲတပ်ဖွဲ့က နံနက် ၈:၄၀ နာရီတွင် ကျောင်းဝင်းအတွင်း အန္တရာယ် ကင်းစင်သွားပြီဟု ထုတ်ပြန်ခဲ့ပြီး၊ မိဘများကိုလည်း ကျောင်းအတွင်းမှ ကလေးများအား အေးဆေးစွာ လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားခဲ့သည်။

ဖိလစ်ပိုင် ပညာရေးဝန်ကြီးဌာနက ထိခိုက်သူများအား စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်ရန် စီစဉ်နေပြီး၊ အရွယ်မရောက်သေးသူများ ပါဝင်နေသဖြင့် အတည်မပြုရသေးသော သတင်းများနှင့် ပုံ/ဗီဒီယိုများကို လူမှုကွန်ရက်တွင် မဖြန့်ဝေကြရန် တောင်းဆိုထားသည်။

ယခုဖြစ်စဉ်သည် ဖိလစ်ပိုင်တွင် နှစ့်လအတွင်း ဒုတိယမြောက် ဖြစ်ပွားသည့် ကျောင်းတွင်းပစ်ခတ်မှု ဖြစ်သည်။

ဖိလစ်ပိုင်တွင် သေနတ်ကိုင်ဆောင်ခွင့် ရရှိရန် အသက် ၂၁ နှစ်ပြည့်ပြီး စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေး စစ်ဆေးမှုများ အပါအဝင် စည်းကမ်းချက် အများအပြား အောင်မြင်ရမည်ဖြစ်ကာ၊ တရားရုံးချုပ်ကလည်း သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

Source;The Nation